မြစ်သားမြို့နယ်တွင် ရွှေဖလားမျိုး ကြက်သွန်နီစိုက်ခင်းများအာင်မြင်ဖြစ်ထွန်း

မြစ်သား ဖေဖော်ဝါရီ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ငါးဆူကျေးရွာအုပ်စု၊ ရွှေကြာအင်းကျေးရွာ၌  ဒီဇင်ဘာလမှစိုက်ပျိုးထားသည့် ရွှေဖလားမျိုး ကြက်သွန်နီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် ရွှေဖလားမျိုးကြက်သွန်နီ တစ်ဧကစိုက်ပျိုးမည်ဆိုပါက မျိုးစေ့(၂)ပြည် ပျိုး‌ထောင်စိုက်ပျိုး၍အသုံးပြုရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ရွှေဖလားမျိုးဖိုး(၄)သိန်းကျပ် စိုက်ပျိုးရန်မြေပြင်ထယ်၊ ထွန်ယက်ခ(၂)သိန်းငါးသောင်းကျပ်၊ ပျိုးနှုတ်ပြောင်းရွှေ့စိုက်ပျိုးစရိတ် (၂)သိန်းတစ်သောင်းကျပ်၊ မြေဆီမြေဩဇာ(၃)သိန်းကျပ်၊  ပိုးသတ်ဆေးဖိုး (၂)သိန်းကျပ်ခန့်၊ ကြက်သွန်နီတူးဖော်ခ(၂)သိန်းကျပ်ခန့် ခန့်မှန်းကုန်ကျကြောင်း၊ ကြက်သွန်နီစိုက်ပျိုးရန် ကိုယ်ပိုင်မြေမရှိ၍မြေအငှားဖြင့်စိုက်ပျိုးပါက ငွေကျပ် (၁)သိန်းငါးသောင်းကျပ်မှ (၂)သိန်းကျပ်ခန့် ကုန်ကျကြောင်း ကြက်သွန်စိုက်ပျိုးသူ ဦးဝင်းမြင့် ပြောကြားချက်အရ သိရသည်။

မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း (၉၂) အုပ်စုရှိ၍ ဒေသရေမြေသဘာဝထွက်ရှိမှု၊ ဝယ်ယူမှုစားသုံးမှုနှင့်ကိုက်ညီသော အထွက်ကောင်း ရွှေဖလားမျိုးကြက်သွန်နီများကို ဒေသခံတောင်သူများက ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးလျက်ရှိ ကြောင်းသိရသည်။

ဝါဝါမြင့် (မြစ်သား)