မှော်ဘီ ဖေဖော်ဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်ပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးစန်းဝင်းက ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်လာစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေမည့် သင်တန်းများအား တက်ရောက်ကြရန်လိုအပ်ကြောင်း၊ ကျောင်းပိတ်ချိန် နွေရာသီကာလများ၌ အခြေခံပန်းချီမွမ်းမံသင်တန်းများ ဆက်လက်ပို့ချသွားနိုင်ရေးအတွက် ယခုလို ရက်တိုအခြေခံသင်တန်းများအား ဖွင့်လှစ်ခဲ့ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပန်းချီရေးဆွဲနည်းအား သင်ကြားရာတွင် သင်တန်းဆရာအဖြစ် စာရေးဆရာပန်းချီဆရာ ဝင်းနွယ်(ပုသိမ်)က အခြေခံပန်းချီရေးဆွဲခြင်းနှင့်ပတ်သက်၍ ပန်းချီရေးဆွဲနည်းသင်ခန်းစာများ၊ ဆေးအရောင်စပ်သော သင်ခန်းစာများအား သင်ကြားပေးရာ အခြေခံပညာအလယ်တန်းအဆင့်ရှိ ကျောင်းသား၊ ကျောင်းသူ (၁၆)ဦးမှ တက်ရောက်ခဲ့ကြောင်းနှင့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းအား ဖေဖော်ဝါရီ (၁၄) ရက်နေ့မှ (၁၆)ရက်နေ့ထိ နေ့စဥ် နံနက် ၁၀ နာရီအချိန်မှ ၁၁ နာရီထိ (၃) ရက်ကြာ ဖွင့်လှစ်သင်ကြားပြသသွားမည်ဖြစ်ပြီး နွေရာသီကျောင်းပိတ်ရက်များ၌ ပန်းချီမွမ်းမံသင်တန်းများအား ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဇော်(ပြန်/ဆက်)