မုဒုံ ဖေဖော်ဝါရီ ၁၅
မွန်ပြည်နယ် မုဒုံမြို့တွင် အမျိုးသားအဆင့် ရော်ဘာအစေးခြစ် လုပ်သားကျွမ်းကျင်မှုအဆင့် (၁) နှင့် စစ်ဆေးအကဲဖြတ်ခြင်း အမှတ်စဉ် (၁၅) သင်တန်းဖွင့်ပွဲကို ယမန်နေ့က နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (မုဒုံမြို့)ရှိ စိုက်ပျိုးရေး အသက်မွေးမှု သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးကျော်ကျော်လှိုင်က မြန်မာနိုင်ငံတွင် ရော်ဘာဧက (၁၇)သိန်းကျော်ရှိသည့်အနက် မွန်ပြည်နယ်တွင် (၆)သိန်းကျော် စိုက်ပျိုးထားရှိပါကြောင်း၊ ရော်ဘာတစ်ဧကအထွက်နှုန်း ပေါင် (၇၀၀) ကျော်ထွက်ရှိပြီး အခြားအိမ်နီးချင်းနိုင်ငံများထက် အထွက်နှုန်းနည်းနေခြင်းကြောင့် အထွက်နှုန်းတိုးတက်ရန် အစေးခြစ်နည်းပညာသည် အရေးကြီးသည့်အချက်တွင် ပါဝင်ပါကြောင်း၊ ယခုသင်တန်းတွင် ကျွမ်းကျင်ပိုင်နိုင်အောင် သင်ကြားပြီး မိမိတို့ဒေသများတွင် နည်းပညာများကို ဖြန့်ဝေပေးစေလိုကြောင်း အမှာစကားပြောကြားသည်။ ထို့နောက် နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန (မော်လမြိုင်) တာဝန်ခံ ဒေါ်စမ်းစမ်းတင့်၊ ရော်ဘာစိုက်ပျိုးရေးပညာရှင် ဆရာမ ဒေါ်မေဆန်း၊ မုဒုံမြို့ခြံတာဝန်ခံ ဦးမောင်မောင်မြင့်တို့က သင်တန်းစည်းမျည်း၊ စည်းကမ်းဆိုင်ရာများနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် နည်းပြဆရာများက ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ မွန်နှင့် ကရင်တို့မှ သင်တန်းသား/သူ (၃၀)ဦးအား (၁၅) ရက်ကြာ စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)
