ရပ်စောက်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရပ်စောက် ဖေဖော်ဝါရီ ၁၅

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ညောင်သုံးပင်ကျေးရွာ၌ လူမှုဝန်ထမ်းဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ညောင်သုံးပင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရန်မျိုးအောင်က ကလေးသူငယ်ခွင့်အရေးများဆိုင်ရာဥပဒေ (Child Right Law)ကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြတ်သူက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဆုမွန်ထွန်းက စာဖတ်ခြင်းနှင့် ကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အဖွဲ့ဝင် ဒေါ်ကြည်ဌေးမှ လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့သည်။

ထို့နောက် တာဝန်ရှိသူများက ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေးကိရိယာများ၊ အားကစားပစ္စည်းများ၊ သုတ၊ ရသ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့သည်။ ဟောပြောပွဲသို့ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ညောင်သုံးပင်မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)