ကော့မှူး ဖေဖော်ဝါရီ ၁၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်နှင့် မြို့နယ်စာရေးဆရာအသင်း(အတွင်းရေးမှူး) ဦးခင်ဇော်(ခင်ဇော်-ကော့မှူး)တို့ပြောကြားရာတွင် ကျောင်းသား/ကျောင်းသူလူငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ အလိမ္မာစာမှာရှိ စာအုပ်စာပေလူမိတ်ဆွေဆိုသည့်အတိုင်း စာအုပ်စာပေများ ချစ်မြတ်နိုးတတ်စေရန်၊ ကျောင်းစာအပြင် ပြင်ပစာပေများလေ့လာဖတ်ရှုစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာကြည့်တိုက်သို့လာရောက်ရန်၊ ငယ်ရွယ်စဉ်ကပင် စာအုပ်စာပေများလေ့လာဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာအုပ်စာပေဖတ်ရှုမှသာလျှင် မိမိဘဝတိုးတက်လာမည်ဖြစ်ကြောင်းနှင့် စာပေနှင့်ပတ်သက်သောအကြောင်းအရာများအား ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲအားကျင်းပရာ အ.မ.က(မြို့သစ်)ကျောင်းမှ ကျောင်းသား/ကျောင်းသူ(၁၃)ဦးဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား/ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြသည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားထားသော အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာနေကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)