မုဒုံမြို့၌ ကျောင်းသား၊ကျောင်းသူများ စာဖတ်ရှိန်မြင့်မားစေရန် လူငယ်စကားဝိုင်း ကျင်းပ

မုဒုံ ဖေဖော်ဝါရီ ၁၅

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့က အ.ထ.က(ခွဲ) ဗိုလ်တေဇကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက ကျောင်းသား/သူများအသိပညာဗဟုသုတများတိုးပွားလာစေ၍ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ စာဖတ်ရှိန်ပိုမိုမြင့်မားစေရန်နှင့် ပြင်ပစာပေများကိုဖတ်ရှုလေ့လာနိုင်စေရန်အတွက် လူငယ်စကားဝိုင်းကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်လင်းပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းကိုစတင်ခဲ့ရာ Grade-10 မှ ကျောင်းသား/သူများက ကြိုတင်ပြင်ဆင်အောင်ပွဲဝင်၊ လူငယ်နှင့်မူးယစ်ဆေး၊ ယဥ်ကျေးသွင်ပြင်ဝတ်စားဆင်၊ လူငယ်နှင့်ယဥ်ကျေးမှုတန်ဖိုး ခေါင်းစဥ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား/သူများကအမေးအဖြေများဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)