ဆိပ်ကြီးခနောင်တို ဖေဖော်ဝါရီ ၁၅
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူစာပေဝါသနာရှင်များစုစည်း၍ Book Club စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လည်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်မိုးမိုးဦက စာဖတ်ဝိုင်းပြုလုပ်ရာတွင် ဖတ်ရှုဆွေးနွေးမည့်စာအုပ်အကြောင်း အနည်းငယ်ရှင်းလင်း ပြောကြားသည်။ ထို့နောက် စာဖတ်ဝိုင်းကို ဆက်လက်ပြုလုပ်ရာ စာရေးဆရာ ခင်စောတင့်၏ “ဘဝအသစ်၏အစများ” စာအုပ်ထဲမှ “စိတ်ဓါတ်ကြံ့ခိုင်တဲ့ သား၊ သမီးတွေဖြစ်ဖို့” ခေါင်းစဉ်ပါစာအကြောင်းအရာဖြင့် BookClub အဖွဲ့ဝင် ဒေါ်စန်းစန်းအေးက ဦးဆောင်ဆွေးနွေးပြီး၊ အဆိုပါစာအုပ်ထဲမှ “အကောင်းဆုံး အရည်အသွေးကိုရယူနိုင်ဖို့” ခေါင်းစဥ်ပါ အကြောင်းအရာကို Book Club အဖွဲ့ဝင် မဟန်နီမော်ကလည်းကောင်းအသီးသီးဖတ်ကြား၍ စာဖတ်ဝိုင်းပြုလုပ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ စာရေးဆရာ ခင်စောတင့်၏ “ဘဝအသစ်၏အစများ” စာအုပ်ထဲမှဖော်ပြပါခေါင်းစဥ်တို့ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြင့် စာဖတ်သူများအနေဖြင့် “မိဘတိုင်း သား၊သမီးများအား ပြုစုပျိုးထောင်ရာတွင် ဒါကို ဒီလိုလုပ်၊ ဒါကိုတော့မလုပ်ရဘူး၊ ဘယ်လိုဖြစ်နိုင်တယ်စသည်ဖြင့် လက်တွေ့သင်ကြားပြသပေးရုံသာမကဘဲ စိတ်ဓာတ်ရင့်ကျက်ပြီး ကိုယ့်ကိုကိုယ်ယုံကြည်ချက် အပြည့်အဝရှိစေရန် တွန်းအားပေးသင်ပြပေးဖို့လည်းလိုအပ်ကြောင်း၊ လူတိုင်းလူတိုင်းမှာ ပင်ကိုယ်အရည်အသွေးရှိကြောင်း၊ မိမိရဲ့ပတ်ဝန်းကျင်မှာထူးခြားစွာစွမ်းဆောင်နိုင်ဖို့နဲ့ ပရဟိတစိတ်ဓာတ်ရှိဖို့လိုအပ်ကြောင်း၊ ကိုယ့်မှာရှိတဲ့အရည်အသွေးပေါ်မှာဘဲ အာရုံထားစုစည်း ကြိုးစားဖို့လိုကြောင်းစသည်ဖြင့် ဗဟုသုတများစွာရရှိကြောင်း စာဖတ်သူများအနေဖြင့် သုံးသပ်သိရှိရကြောင်း သိရသည်။
ဝေယံ( ပြန်/ဆက်)