ပျော်ဘွယ်မြို့ ပြည်သူ့ဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲ ကျင်းပ

ပျော်ဘွယ် ဖေဖော်ဝါရီ ၁၅

ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူ့ဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲကို ဖေဖော်ဝါရီလ (၁၄) ရက် ညနေ (၃) နာရီခွဲက အမှတ် (၁) နှင့်အမှတ် (၂) ဈေးတို့တွင် ကျင်းပပြုလုပ် သည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးက ဈေးအတွင်း မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ဈေးသူဈေးသားများ စည်းကမ်းတကျလိုက်နာရေးတို့ကို ဆွေးနွေးပြီး မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဗူးအသုံး ပြု၍ မီးငြိမ်းသတ်နည်းများကို ရှင်းလင်းပြောကြားကာ ဈေးသူ၊ ဈေးသားများအား လက်တွေ့မီးငြိမ်းသတ်ခြင်းကို လေ့ကျင့်သရုပ်ပြသစေကြသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာစိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်အောင်နှင့် ဌာနဆိုင်ရာများက မီးသတ်တပ်ဖွဲ့ဝင်များ မီးငြိမ်းသတ်ယာဉ်အသုံးပြု၍ သရုပ်ပြ လေ့ကျင့်ခြင်းကိုလည်းကောင်း၊ Rescue Tool များအသုံးပြု၍ လူနာရှာဖွေကယ်ဆယ်ရေးလေ့ကျင့်မှုများကို ကြည့်ရှုအားပေးပြီး ပြည်သူ့ဈေးအတွင်း မီးဘေးကာကွယ်ရေးအတွက် ရေသိုလှောင်ထားမှု၊ မီးငြိမ်းသတ်ရေးပစ္စည်းများ အသင့်ထားရှိမှုတို့ကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)