မှော်ဘီ ဖေဖော်ဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် ပြည်တွင်းစားသုံးသူစျေးကွက်များ၌ တရားမဝင်အရက်၊ ဘီယာ၊ ဝိုင်များအား အလွယ်တကူဝယ်ယူရရှိကာ သောက်သုံးသူများ မြင့်မားလာသည့်အတွက် စာရိတ္တမဏ္ဍိုင်နှင့် ကျန်းမာကြံ့ခိုင်မှုကိုထိပါးလာသဖြင့် တရားမဝင်အရက်၊ ဘီယာ၊ ဝိုင်များအားအလွယ်တကူဝယ်ယူရရှိ တင်သွင်း၊ ချက်လုပ်ရောင်းချမှုများ ထိန်းချုပ်နိုင်ရေးအတွက် တရားမဝင်ယစ်မျိုးဆိုင်ရာ စိစစ်ကြီးကြပ်ရေးလုပ်ငန်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ ညနေ ၃နာရီအချိန်က ကွင်းဆင်းစစ် ဆေးဆောင်ရွက်ခဲ့သည်။
အဆိုပါ တရားမဝင်ယစ်မျိုးဆိုင်ရာ စိစစ်ကြီးကြပ်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည့်ဖြိုးမောင်၊ မြို့နယ်ရဲတပ်ဖွဲ့ဒုရဲအုပ် ကျော်နိုင်ဝင်း၊ ပြည်တွင်းအခွန်၊ စားသုံးသူရေးရာ၊ မြို့နယ်စည်ပင်၊ ကျန်းမာရေး၊ ပြန်/ဆက်ပူးပေါင်းအဖွဲ့တို့မှ တာဝန်ရှိသူများက ဘွတ်ကြီးကျေးရွာအုပ်စုအတွင်းရှိ အရက်၊ ဘီယာ၊ ဝိုင်များရောင်းချသည့် စတိုးဆိုင်များအား ရောင်းချရေးလိုင်စင် ရှိ/မရှိ၊ တရားမဝင်အရက်၊ ဘီယာ၊ ဝိုင်များရောင်းချနေမှုများမရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းဇော်(မှော်ဘီ)