နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်း ဆိုလာစနစ်ဖြင့် မြေအောက်ရေတူးဖော်ရေးလုပ်ငန်းဆောင်ရွက်မည့် နေရာများအား ကွင်းဆင်းကြည့်ရှု

လယ်ဝေး ဖေဖော်ဝါရီ ၁၅

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ကုတင် ၁၀၀၀ ဆေးရုံအုပ်ကြီး Dr မိုးခိုင်၊ လယ်ဝေးခရိုင်ပညာရေးမှူး၊ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရ၊ အဖွဲ့ဝင် ဗိုလ်မှူးရာဇာ၊ ဦးဝင်းအောင်၊ အတွင်းရေးမှူး ရဲမှူးအေးကျော်၊ မြို့နယ်ပညာရေးမှူး ဦးအောင်လွင်နှင့် တာဝန်ရှိသူများသည် ယာဉ်မတော်တဆမှုကြောင့် နေပြည်တော် ခုတင်-၁၀၀၀ အထူးကုဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် လယ်ဝေးမြို့ အ.ထ.က (၆) သာဝတ္တိမှ ကျောင်းသား၊ ကျောင်းသူ ၈ ဦးတို့အား သွားရောက်အားပေးစကားပြောကြား၍ ထောက်ပံ့ငွေများ ပေးအပ်ကာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇင်မင်းကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရ၊ အဖွဲ့ဝင် ဦးဝင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်အတွင်းရှိ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ နေပြည်တော်ကောင်စီရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းဆောင်ရွက်‌နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ်၊ ကြောင်ရေကျေးရွာတွင် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေတင်စက်ရေတွင်း တူးဖော်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ လယ်ဝေးမြို့နယ်၊ တလုပ်ပင်ကျေးရွာအနီး ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေတင်စက်ရေတွင်း တူးဖော်မည့်မြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

လယ်ဝေးမြို့နယ်အတွင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ဆိုလာအသုံးပြု၍ စက်ရေတွင်း ၁၃ တွင်းဖြင့် ရေပေးဝေကာ စိုက်ပျိုးဧက ၁၇၀ အား အကျိုးပြုလျက်ရှိကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)