မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်အတွင်း ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနား တက်ရောက်

မော်လမြိုင် ဖေဖော်ဝါရီ ၁၅

မွန်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပြည်သူများ၏ဆုံးရှုံးမှုများသည်လည်း သဘာဝဘေးအန္တရာယ် သတ်မှတ်ချက်များတွင် အကျုံးဝင်သောကြောင့် နိုင်ငံတော်အနေဖြင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် မွန်ပြည်နယ်အတွင်း နေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် မီးလောင်ပျက်စီးသွားသည့် နေအိမ်များ ပြန်လည်ထူထောင်နိုင်ရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အစိုးရအဖွဲ့၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေနှင့် အလှူရှင်တို့မှ အလှူငွေများအပါအဝင် ဆန်ရိက္ခာ၊ အခြားအိမ်ဆောက်ပစ္စည်းများအား ထောက်ပံ့ပေးပြီးဖြစ်ပါကြောင်း၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေများကို တစ်ဦးလျှင် တစ်လငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ လစဉ် ထောက်ပံ့ပေးသွားမည်ဖြစ်ကာ ယခုအခါ မွန်ပြည်နယ်အတွင်းရှိ အချို့မြို့နယ်များတွင် နေရပ်စွန့်ခွာပြည်သူများအတွက် စုစုပေါင်း ငွေကျပ် (၃၇၅.၈၆) သန်းအား ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ နယ်မြေများအလိုက် ယာယီနေရပ်စွန့်ခွာနေရသူများအားလုံး ပါဝင်မှုရှိစေရေး၊ စာရင်းတွင်မပါဝင်ဘဲ ကျန်နေခဲ့ရသူများမရှိစေရေး စနစ်တကျ ထိထိရောက်ရောက် ထောက်ပံ့ပေးအပ်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း မြို့နယ်အချို့၌ အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူများက လက်ခံရယူ၍ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာမှ ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က နေရပ်စွန့်ခွာပြည်သူများအား ရင်းနှီးနွေးထွေးစွာ အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)