သင်္ဃန်းကျွန်း ဖေဖော်ဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပ၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ငြိမ်းငြိမ်းမြတ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်၀ါ၀ါ၀င်းမြိုင်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ပြောကြားရာတွင် လူငယ်များ၏ကဏ္ဍကိုမြှင့်တင်ပေးရန်၊ လူငယ်များဗလငါးတန်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်ပြီး အသိပညာတိုးပွားသောလူငယ်များဖြစ်လာစေရန်၊ စဥ်းစားတွေးခေါ်မှုစွမ်းရည်မြင့်မားလာစေရန်၊ လူအများရှေ့တွင်ရဲဝံ့စွာပြောဆိုဆွေးနွေးတတ်စေရန်နှင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ပြောဆိုဆွေးနွေးတတ်စေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ယခုလိုလူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ ဦးစီးအရာရှိ ဒေါ်၀ါ၀ါ၀င်းမြိုင်နှင့် အထက်တန်းပြဆရာမ ဒေါ်ခင်နှင်းရီတို့က(Moderater )အဖြစ် ဆောင်ရွက်ပြီး Grade-10 ကျောင်းသူ မခင်သဲဆုမှ လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်အောင်သက်ကျော်မှ လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 က မောင်ထက်ဝေဇင်မင်းမှ လူငယ်နှင့်ယဥ်ကျေးမှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ မမေသူကျော်မှ လူငယ်နှင့်ကျန်းမာရေး ခေါင်စဉ်ဖြင့်လည်းကောင်း၊ မောင်ထွန်းတောက်လင်းမှ လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့် လည်းကောင်း၊ မောင်ဖြိုးဇင်အောင်မှ လူငယ်နှင့်စာပေခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။ ထိုနောက် တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက သိလိုသည်များ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ထိုနောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဆရာ၊ဆရာမများ ကျောင်းသား၊ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့်နံရံကပ်စာစောင်နှင့် သုတ၊ရသစာအုပ်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ပြီး ကျောင်းသား၊ကျောင်းသူ(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းအောင်(ခရိုင်ပြန်/ဆက်)