နေပြည်တော်ကောင်စီဝင် ဦးခင်​မောင်လတ် ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းကျေးရွာ ရအောင်းချောင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်းနှင့် ​ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီလ ၁၅

နေပြည်တော်ကောင်စီဝင်  ဦးခင်မောင်လတ်သည်  ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် နေပြည်တော်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းကျေးရွာအုပ်စု၊ ရွှေခဲအင်းကျေးရွာအတွင်းရှိ ရအောင်းချောင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှု၊ ရိုးပြတ်များမီးမရှို့စေရေး၊ သဘာဝ​​မြေဆွေးပြုလုပ်ထားမှုအခြေအနေနှင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် စိုက်ပျိုးမြေ​အဖြစ် အသုံးပြု၍မရသည့် ​မြေနေရာများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်က လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်ခိုင်ခံ့စေရေး၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးရေးတို့ကို အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်း မှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည် ရွှေခဲအင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ကျေးရွာသန့်ရှင်းသာယာလှပရေးလုပ်ငန်းများ၊ သစ်ပင်သစ်တောများပြုန်းတီးမှုမရှိစေရေးနှင့် ကျေးရွာထင်းစိုက်ခင်း တစ်ရွာနှစ်ဧက စိုက်ပျိုးရေးတို့ကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သီးနှံများ ရည်မှန်းချက်ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးရေး၊ သွင်းအားစုများ၊ သဘာဝမြေဩဇာများကို တွင်ကျယ်စွာ အသုံးပြုရေး၊ သီးထပ်စွမ်းအားများ တိုးတက်ရေးတို့ကို တောင်သူများ လိုက်နာဆောင်ရွက်ရေးအတွက် အသိပညာပေးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း ဆွေးနွေးမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)