နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဖေဖော်ဝါရီ ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နေပြည်တော် အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော် အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်ဖြင့် လုပ်ဆောင်ကြရမှာဖြစ်ကြောင်း၊ မြေယာစီမံခန့်ခွဲရေးလုပ်ငန်း ဆောင်ရွက်ရာတွင် မြေယာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ အလေးထားဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ နေပြည်တော်အတွင်း တရားမဝင်ကုန်သွယ်မှုများ၊ မူးယစ်ဆေးဝါးများ ရောင်းချခြင်း၊ သုံးစွဲခြင်းများမရှိစေရေး အေလးထားကြပ်မတ်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းတက်ရောက်ပညာသင်ကြားနိုင်ရေး၊ ကျောင်းပြင်ပရောက်နေသည့် ကလေးများမရှိစေရေး၊ ကျောင်းပြင်ပ ပညာရေးမှတစ်ဆင့် စာတတ်မြောက်ရေးနှင့် အတန်း ပညာမြင့်မားလာအောင်ဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်း၊ စာကြည့်တိုက်များရှင်သန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို စနစ်တကျ လိုက်နာစေရေးအတွက် အသိပညာပေးလုပ်ငန်း များ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးက သက်ဆိုင်ရာကဏ္ဍများအလိုက် ဝိုင်းဝန်းပူးပေါင်း ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးညီညီမင်းက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီး ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)