ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်များဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

သထုံ ဖေဖော်ဝါရီ ၁၄

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာများနှင့် မူးယစ်‌ဆေးဝါးအန္တရာယ်ဆိုင်ရာများ အသိပညာပေးဆွေးနွေးဟောပြောခြင်းတို့ကို တာဝန်ရှိသူများပူးပေါင်း၍ ယနေ့ နံနက်က အဆိုပါတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား အတွင်းရေးမှူး ဒုတိယရဲမှူးကြီးစိုးပိုင်က ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်ကင်းဝေးနိုင်ရေး အမှာစကားပြောကြားပြီး ကွန်ပျူတာတက္ကသိုလ်(သထုံ)ပါမောက္ခချုပ် ဒေါက်တာနီလာသိန်းက ကျောင်းသူကျောင်းသားများမှာ နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သည့် လူငယ်များဖြစ်ရာ အသိပညာများဖွံ့ဖြိုးရန် လိုအပ်ပါကြောင်း သို့ဖြစ်ရာ ယနေ့ဟောပြောဆွေးနွေးမည့် အသိပညာများကို အလေးထားမှတ်သားပြီး အချင်းချင်းပြန်လည်မျှဝေစေလိုပါကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် အမှတ်(၇၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(သထုံ)မှ ရဲအုပ်နိုင်ထွန်းနှင့် ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူး(၃) ဦးသူရ‌ကျော်တို့က အပြည်ပြည်ဆိုင်ရာယာဉ်ထိန်းသိမ်းခြင်းနည်းစနစ်(၅)မျိုး၊ ယာဉ်တိုက်မှု/ယာဉ်မတော်တဆမှု အမျိုးအစားများ၊ ဖြစ်ပွားရသည့် အကြောင်းများ၊ လမ်းအသုံးပြုသူများ လိုက်နာရမည့် စည်းကမ်းချက်များ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဖျက်ခြင်းအတွက် မော်တော်ယာဉ်ဥပဒေ၊ နည်းဥပဒေနှင့် ရာဇသတ်ကြီးဥပဒေတို့အရ အရေးယူနိုင်မှုများ စသည်တို့ကိုလည်းကောင်း အမှတ်(၆၂) မူးယစ်တပ်ဖွဲ့စုမှ ရဲမှူး တင်ကိုကိုက မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်၊ ဆိုးကျိုးများနှင့် စွဲလမ်းစေရသည့် အကြောင်းရင်းများ၊ မူးယစ်ဆေးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း ရောင်းဝယ်ခြင်းတို့နှင့် ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးအန္တရာယ်ထိန်းချုပ်ရေး ဆောင်ရွက်နေသည့် လုပ်ငန်းများ စသည်တို့ကိုလည်းကောင်း ဟောပြောဆွေးနွေးကာ အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြသည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၇၈)ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် အမှတ်(၆၂)မူးယစ်တပ်ဖွဲ့စုတို့မှ တာဝန်ရှိသူများ၊ ကွန်ပျူတာတက္ကသိုလ်(သထုံ)ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများနှင့် ကထိကဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)