တံတား ဖေဖော်ဝါရီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဝါသနာရှင်များနှင့် (Youth Club) အဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာကောင်းမြတ် ရေးသားသည့် “ပွင့်သောပန်းတိုင်းမွှေးစေလို” စာအုပ်ဖြင့် ယနေ့နေ့လယ် (၁၀) နာရီ အချိန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။ 
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန်မရှိသူများအတွက်၊ စာဖတ်ခွင့်မဆုံးရှုံးစေရန်၊ တစ်ဦးနှင့်တစ်ဦးစာပေဗဟုသုတ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက်ရည်ရွယ်၍ လစဉ်စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် (Youth Club) အဖွဲ့ဝင် မောင်ဇင်မောင်မောင်က “စည်းကမ်းမလိုက်နာတတ်တဲ့ကလေး” ခေါင်းစဉ်ဖြင့် စတင်ဆွေးနွေးရာတွင် ကလေးတွေလူကြီးပြောဆိုဆုံးမတာကို နားမထောင်တာချမှတ်ထားတဲ့စည်းကမ်းကိုမလိုက်နာတာ မိဘတိုင်းကြုံတွေ့ရတဲ့ မိဘတွေအားလုံးစိတ်ညစ်ရတဲ့ ပြဿနာတစ်ခုဖြစ်ကြောင်း၊ ထိုသို့ဖြစ်ရပ်များသည့်ကလေးတွေကို ထိန်းကျောင်းရာမှာ မိဘတွေအသုံးပြုတဲ့ စည်းကမ်းးကလျော့ရဲလွန်းနေခြင်း၊ ဒါမှမဟုတ် တင်းကျပ်လွန်းနေတာကြောင့် ဖြစ်နိုင်ကြောင်း၊ ကလေးရဲ့လတ်တလောဖြစ်နေတဲ့ စိတ်အခြေအနေတစ်ခုခုကြောင့် မလိုက်နာတာလည်းဖြစ်နိုင်ကြောင်း ဆွေးနွေးခဲ့သည်။
ထို့နောက် (Youth Club) အဖွဲ့ဝင် မောင်အောင်ခန့်ကျော်က “ရှက်တတ်တဲ့ကလေး” ခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေးရာတွင် ရှက်တတ်တဲ့ကလေးတစ်ယောက်ဟာ လူရှေ့သူရှေ့မှာဆိုရင် စကားသိပ်ပြောလေ့မရှိခြင်း၊ စကားပြောရင်လည်း တိုးတိုးပဲပြောလေ့ရှိကြောင်း၊ တခြားလူတွေနဲ့ မျက်နှာချင်းမဆိုင်မိအောင် မျက်လုံးချင်းမစုံမိအောင် ရှောင်လွှဲနေတတ်ကြောင်း၊ ထိုသို့ဖြစ်ရပ်များသည် ကလေးကစိတ်မလုံခြုံမှုကိုခံစားနေရပြီး၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုအားကိုးမှုတွေ နည်းပါးနေသောကြောင့်ဖြစ်ကြောင်း၊ မိဘတွေက ကလေးတွေကို ပိတ်ပင်တားဆီးတာတွေ ထိန်းချုပ်ထားတာ တားမြစ်ထားတာတွေ များလွန်းတဲ့အတွက် ကလေးကလူတောမတိုးဖြစ်နိုင်တာဖြစ်ကြောင်း ဆွေးနွေပြီးနောက် တက်ရောက်လာကြသော စာပေဝါသနာရှင်များမှလည်း စာအုပ်ပါအကြောင်းအရာများဖြင့် ဖြည့်စွက်ဆွေးနွေးကာ အတွေးအမြင် ဗဟုသုတများကို ဖလှယ်ခဲ့ကြကြောင်း သိရသည်။
ခန့်စည်သူဝင်း(ပြန်/ဆက်)
 
     
    