ပင်လောင်း ဖေဖော်ဝါရီ ၁၄
နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နိုင်ငံသားကောင်းရတနာများဖြစ်သည့် လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပပြုလုပ်သော လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကြွယ်မင်းထက်က အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မူမြစောက လူငယ်စကားဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မူမြစောက အစီအစဉ်တင်ဆက်သူအဖြစ်ပါဝင်ဆောင်ရွက်ပြီး၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများဖြစ်သည့် Grade-7 မှ မောင်ဖရန်စစ္စကို က "လူငယ်နှင့်ကျန်းမာရေး"ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-7 မှ မမေမြတ်မိုး "လူငယ်နှင့်ပညာရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-7 မှ မခင်မို့မို့အောင် က "လူငယ်နှင့်အားကစား" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-7 မှ ခွန်အောင်ကျော်ဗိုလ် က "လူငယ်နှင့်စာဖတ်ခြင်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-7 မှ နန်းမွေဟွမ်က "လူငယ်နှင့်မူးယစ်ဆေး" ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးပြောကြားကြသည်။
ထို့နောက် ဦးဆောင်ဆွေးနွေးသူများ၏ ဆွေးနွေးချက်များအား လူငယ်စကားတက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများ လိုအပ်သည်များကိုဖြည့်စွက်ဆွေးနွေးသွားကြကြောင်း၊ အဆိုပါ "လူငယ်နှင့်အားကစား" ဆိုင်ရာဆွေးနွေးချက်များအပေါ် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မူစန်းစန်းအေးက ပြန်လည်ဖြည့်စွက်ဆွေးနွေးပြီး ကျောင်းအတွက် အားကစားပစ္စည်းပေးအပ်ခဲ့ကြောင်း၊ ယင်းနောက် ကျောင်းတာဝန်ခံ အထက်တန်းပြ ဆရာဦးအောင်မိုးအေးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်
 
    