ပေါင်မြို့နယ်၌ ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက်များ စနစ်တကျ စိုက်ပျိုးထုတ်လုပ်ခြင်း တောင်သူနည်းပညာသင်တန်းဖွင့်လှစ်

ပေါင် ဖေဖော်၀ါရီ ၁၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက်များ စနစ်တကျစိုက်ပျိုးထုတ်လုပ်ခြင်း တောင်သူနည်းပညာပေးသင်တန်းကို ယမန်နေ့နံနက်ပိုင်းက သဲဖြူကုန်း ကျောင်း၌လှစ်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်မှူးက ပေါင်မြို့နယ်သည် ဟင်းသီးဟင်းရွက်များ ပြည်နယ်အတွင်း အမျိုး (၄၀) ကျော် စိုက်ပျိုးနိုင်သည့် ဒေသဖြစ်သည့်အတွက် ပြည်နယ်အတွက် အကျိုးကျေးဇူးများရရှိသည့်အတွက် နောက်နှစ်တွေလည်း ပိုမိုစိုက်ပျိုးပြီး နှစ်စဉ်၀င်ငွေတိုးပြီး စိုက်ပျိုးကြဖို့နှင့် ဟင်းသီးဟင်းရွက်များကို ဓာတုကင်းလွတ်ပြီး အာဟာရ ပြည့်၀စွာစိုက်ပျိုးကြဖို့ အမှာစကားပြောကြားပြီး သင်တန်းကို စတင်ခဲ့သည်။

အဆိုပါသင်တန်းကို သင်တန်းဆရာ (၆) ဦးက သင်တန်းသား (၄၀) ဦးအား သဘာ၀မြေဩဇာများ ပြုလုပ်သုံးစွဲနည်း၊ ငါးအမိုင်နိုပြုလုပ်သုံးစွဲနည်း၊ သဘာ၀ပိုးနှင့် ဆေး/ပိုးသတ်ဆေးများ ပြုလုပ်သုံးစွဲခြင်း၊ ဟင်းသီးဟင်းရွက် စိုက်ခင်းများတွင် ကျရောက်ဖျက်ဆီးတတ်သော ပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်း၊ ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးထုတ်လုပ်ခြင်း၊ အိမ်နောက်ဖေးဈေးဆိုင်တည် စသည့်သင်ခန်းစာများကို သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)