မြစ်သားမြို့နယ်တွင် စမ်းဝတီသဘာဝမြေသြဇာသုံးစွဲနည်း ပညာပေးဟောပြောပွဲအခမ်းအနား ကျင်းပ

မြစ်သား ဖေဖော်ဝါရီ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မန္တလေးတိုင်းဒေသကြီးအသင်းစုချုပ်နှင့် စမ်းဝတီသဘာဝမြေသြဇာထုတ်လုပ်ရေး သမဝါယမအသင်းတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် သဘာဝမြေသြဇာသုံးစွဲနည်းပညာပေးဟောပြောပွဲကို မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်‌နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဌေးက အဖွင့်အမှာစကားပြောကြားပြီး စမ်းဝတီသဘာဝမြေသြဇာထုတ်လုပ်ရေး သမဝါယမအသင်းလီမီတက်၏ မန်နေဂျာ ဦးတင်အောင်ထွန်းက စိုက်ပျိုးရေးလုပ်ငန်းများ ရေရှည်ကောင်းမွန်ပြီး ဖြစ်ထွန်းအောင်မြင်စေရန် စမ်းဝတီသဘာဝမြေသြဇာ ထုတ်လုပ်ရေးသမဝါယမအသင်းမှ ထုတ်လုပ်သောသဘာဝမြေသြဇာ၏ အရည်အသွေးများ ပါဝင်ပစ္စည်း သုံးစွဲနည်းနှင့် အကျိုးသက်ရောက်မှုများကို သိရှိပြီး အသင်းသား တောင်သူများ ထိထိ‌ရောက်သုံးစွဲရန်အကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမင်းနိုင်က သဘာဝမြေသြဇာသုံးစွဲခြင်းနှင့် ပတ်သက်ပြီး ရရှိလာမည့်အကျိုးကျေးဇူးများနှင့် စိုက်ပျိုးရေးနည်းပညာများကို ထပ်ဆင့်ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသော သမဝါယမအသင်းသား တောင်သူများမှအပြန်အလှန် မေးမြန်းဆွေးနွေးခဲ့သည်။                             

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသောင်းဌေး၊ မြို့နယ်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမင်းနိုင်နှင့်ဝန်ထမ်းများ၊ သမဝါယမအသင်းလီမီတက်မှ အသင်းသားများ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာများရှိ သမဝါယမအသင်းသား တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝါဝါမြင့်(မြစ်သား)