တာချီလိတ် ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းတုံ၊ မိုင်းဆတ်မြို့နယ် သံဃာ့နာယကအဖွဲ့ ဆရာတော်များ၏ အနားယူ၊ အစားထိုးရွေးချယ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က နဂါးနှစ်ကောင်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကာ အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော မြို့နယ်သံဃာ့ဝန်ဆောင် ဆရာတော်များ အရေအတွက်ကို ဖတ်ကြားပြီး ဘဒ္ဒန္တ စန္ဒာဝရ ဆရာတော်ကို ရွေးချယ်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ သဘာပတိအဖြစ် တင်မြှောက်ခဲ့သည်။
ထို့နောက် သဘာပတိဆရာတော်ကြီးက အစည်းအဝေးဖွင့်ဩဝါဒကထာ မိန့်ကြားကာ ခရိုင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းကိုက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ကြီးကြပ်ရေးအဖွဲ့ဆရာတော်များထံ လှူဖွယ်များ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းတုံ၊ မိုင်းဆတ်မြို့နယ်များတွင် လစ်လပ်သွားသော မြို့နယ်သံဃာ့နာယကအဖွဲ့ဝင် ဆရာတော်များအတွက် အစားထိုးရွေးချယ်မည့် ဆရာတော်များအား သက်ဆိုင်ရာဆရာတော်များက အဆိုပြု/ထောက်ခံ၍ ဥက္ကဋ္ဌ၊ အကျိုးဆောင်နှင့် အဖွဲ့ဝင်များပါဝင်သည့် သံဃာတော် (၂၅) ပါးအား ရွေးချယ်တင်မြောက်ခဲ့သည်။
အဆိုပါ အခမ်းအနားကို သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်အတွက် သံဃာ့အဖွဲ့အစည်း အခြေခံ စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများအရ လက်ရှိသံဃာ့နာယကအဖွဲ့များ အနားယူသွားသဖြင့် ပြန်လည်ရွေးချယ်ဖွဲ့စည်းရန်အတွက် စီစဉ်ကျင်းပသော သံဃာ့ဝန်ဆောင်အစည်းအဝေးဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)
 
     
     
    