ဒဂုံတောင် ဖေဖော်ဝါရီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မြန်မာ-ထိုင်း ပူးပေါင်းအစီအစဉ်အဖြစ် အထူးလိုအပ်ချက်ရှိသော ကလေးများအတွက် အကျိုးဖြစ်ထွန်းစေရန် အားလုံးပါဝင်သော ပညာရေးသင်တန်းအစီအစဉ်အရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့မှ (၂၉)ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ကျောင်းများသို့ သွားရောက်လေ့လာခဲ့သောအတွေ့အကြုံများ ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီက အ.ထ.က(ခွဲ) အမှတ်(၇)အခြေခံပညာအလယ်တန်းကျောင်း စုဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အ.ထ.က(ခွဲ)အမှတ်(၇)အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာဟန်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ကျောင်းများသို့ သွားရောက်လေ့လာရာမှ ရရှိသော အတွေ့အကြုံများရှင်းလင်းရာတွင် အထူးလိုအပ်ချက်ရှိသော ကလေးများအတွက် အကျိူးဖြစ်ထွန်းစေရန် အားလုံးပါဝင်သော ပညာရေးသင်တန်းအစီအစဉ်၊ မြန်မာ-ထိုင်းဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၊ အထူးလိုအပ်ချက်ရှိသော ကလေးအမျိုးအစား(၉)မျိုး၊ အထူးလိုအပ်ချက်ရှိသော ကလေးများအား သင်ကြားသင်ယူမှုအစီအစဉ်များအား အကျယ်တဝင့် ဆွေးနွေးသည်။
ဆက်လက်၍ အထက်တန်းပြဆရာမ ဒေါ်မေသဇင်ဦးက(Active–Learning) အဓိပ္ပာယ်ပြည့်ဝသော သင်ယူခြင်းနှင့် ကလေးဗဟိုပြုသင်ယူခြင်းများ(Behavior Learning)၊ ပညာသင်ကြားသည့် ကလေးငယ်များ၏ အပြုအမှုစီမံခန့်ခွဲမှုအစရှိသည်တို့ကို ရှင်းလင်းဆွေးနွေးပြီးနောက် အထက်တန်းပြဆရာမ ဒေါ်ဆွေဆွေမောင်က တစ်ဦးချင်းအလိုက် ပညာရေးအစီအစဉ် (IEP) ကဏ္ဍများအား ရှင်းလင်းဆွေးနွေးကာ သင်ထောက်ကူပစ္စည်းများဖြင့် လက်တွေ့လုပ်ဆောင် ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဦးကီးလောဟာက ဆွေးနွေးချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကြောင်းနှင့်အခမ်းအနားသို့ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
နေမျိုးအောင်