မော်လမြိုင် ဖေဖော်ဝါရီ ၁၄
မွန်ပြည်နယ်မြေအသုံးချမှုကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် မွန်ပြည်နယ်မြေအသုံးချမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း မြေယာကဏ္ဍပြုပြင်ပြောင်းလဲရေး၊ စနစ်တကျကောင်းမွန်သည့် မြေယာစီမံခန့်ခွဲမှုများဖြစ်ပေါ်လာစေရေးအတွက် အမျိုးသားမြေအသုံးချမှု မူဝါဒကိုမဖြစ်မနေ လက်တွေ့အကောင်အထည်ဖော်နိုင်ရန် ဦးစားပေးလုပ်ငန်းစဉ်များအနေဖြင့် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မြေအသုံးချမှုမူဝါဒအရ မြေအသုံးချမှုနှင့် လုပ်ပိုင်ခွင့်များကို ပြည်နယ်၊ ခရိုင်၊ မြို့နယ်မြေအသုံးချမှုကော်မတီများမှ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် ရှေ့ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်တွေကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်မြေအသုံးချမှုကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ပြည်နယ်မြေအသုံးချမှုကော်မတီ ပြင်ဆင်ဖွဲ့စည်းပြီးစီးမှုအခြေအနေများ၊ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအားလည်းကောင်း၊ ပြည်နယ်မြေအသုံးချမှုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ ပြည်နယ်မြေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက မြေအသုံးချမှုနှင့်စပ်လျဉ်းသည့် စီမံခန့်ခွဲရေး လုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း ရှင်းလင်တင်ပြခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးများက မြေကိုအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် စနစ်တကျ စီမံဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ စိုက်ပျိုးမြေများကို အခြားနည်းလမ်းဖြင့် အသုံးမပြုရေး၊ အမျိုးသားမြေအသုံးချမှု မူဝါဒအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့အတွက် ဆွေးနွေးတင်ပြခဲ့ကြပြီး ကော်မတီဝင်များက မြေစီမံခန့်ခွဲဆောင်ရွက်နေမှု အခြေအနေတို့အား သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)