မော်လမြိုင်မြို့နယ်၌ (၇၈) ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားကျင်းပ

မော်လမြိုင် ဖေဖော်ဝါရီ ၁၄

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်၌ (၇၈) ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မွန်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ဦးစွာ အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာသူများက ဆရာတော်အရှင်သူမြတ်ထံငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် မွန်လူငယ်များမှ သယ်ဆောင်လာသည့် မွန်အမျိုးသားအလံအား မွန်သီချင်းသီဆိုကာ လွှင့်တင်အလေးပြုခြင်း၊ ကျဆုံးလေပြီးဖြစ်သော မွန်အမျိုးသား ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းတို့ ဆောင်ရွက်ခဲ့ကြကာ သဘာပတိဆရာတော်မှ အဖွင့်ဩဝါဒစကားမြွက်ကြားခဲ့ပြီး အခမ်းအနားသဘာပတိ ဒေါက်တာမင်းကြည်ဝင်းမှ အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှပေးပို့သော သဝဏ်လွှာအား မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်ကဖတ်ကြားခဲ့ပြီး မွန်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်မှပေးပို့သော သဝဏ်လွှာအား (၇၈) ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနား ကျင်းပရေး​ကော်မတီ ဒုတိယဥက္ကဋ္ဌ နိုင်မြင့်ဦးက ဖတ်ကြားခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)