တာချီလိတ် ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ပံ့ပိုးမှု၊ ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရွှေတြိဂံဇုန်)တို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၃)မျိုး သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဟိုတယ်တာချီလိတ်ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်စီမံအု်ပချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုက သင်တန်းဆင်းမိန့်ခွန်းပြောကြားပြီး မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရွှေတြိဂံ)ဇုန်ဥက္ကဋ္ဌ ဦးထွန်းနေဦးက ဟိုတယ်နှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝန်ဆောင်မှုအဆင့်အတန်းများ တိုးတက်ကောင်းမွန်ပြည့်စုံစေရန်၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနယ်ပယ်ရှိ လုပ်ငန်းလုပ်ကိုင်သူများ၏ အရည်အသွေးများဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဒေသတွင်း လူငယ်/လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေရန်၊ ခရီးသွားလုပ်ငန်းမှတစ်ဆင့် ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်စေရန် ရည်ရွယ်၍ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုနှင့် တာဝန်ရှိသူများက သင်တန်းတွင် သင်တန်းသား/သင်တန်းသူများ ထူးချွန်ဆုရရှိသူများ သင်တန်းနည်းပြ ဆရာ/ဆရာမများအား ဂုဏ်ပြုဆုလက်မှတ်များ၊ သင်တန်းဆင်း Certificate လက်မှတ်များ၊ ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ပြီး သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ သင်တန်းသား/သင်တန်းသူများမှ Front Office ဌာနမှ ဧည့်သည် Check In ဝင်ရောက်လာပုံ၊ Hotel Restruant တွင် ဧည့်သည်အား ဝန်ဆောင်မှုပေးပုံလုပ်ငန်းစဉ်ကို သရုပ်ပြတင်ဆက်ခြင်းနှင့် Housekeeping ဌာနမှ ဧည့်သည် Check Out အခန်းသန့်ရှင်းရေး ဝန်ဆောင်မှုလုပ်ငန်းစဉ်အဆင့်ဆင့်အား ရှင်းလင်းတင်ပြသည်။
အဆိုပါ သင်တန်းကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၄ ရက်နေ့အထိ လေးပတ်ကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး ဧည့်ကြိုသင်တန်းသား ၃၀ ဦး၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေး သင်တန်းသား ၃၀ ဦး၊ အစားအစာနှင့်အဖျော်ယမကာ(ဝန်ဆောင်မှု)သင်တန်းသား ၂၀ ဦး၊ စုစုပေါင်း သင်တန်းသား ၈၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)