မော်လမြိုင် ဖေဖော်ဝါရီ ၁၄
မော်လမြိုင်တက္ကသိုလ်၊ ကြက်ခြေနီအသင်းခွဲနှင့် မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း အမှတ်စဉ်(၁/၂ဝ၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်၊ ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်တွင် လူသားချင်း စာနာထောက်ထားမှုလုပ်ငန်းများကို အကောင်ထည်ဖော်ဆောင်ရွက်ရာတွင် ရှေးဦးပြုစုခြင်းဆိုင်ရာ ပညာပေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်ပေးလျက်ရှိပြီး ယခုဖွင့်လှစ်သည့် သင်တန်းတွင် ရှေးဦးပြုစုခြင်း အတတ်ပညာများကို စာတွေ့လက်တွေ့များဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ရှေးဦးပြုစုခြင်း အတတ်ပညာဆိုတာ အကြောင်းအမျိုးမျိုးကြောင့် နာမကျန်းဖြစ်မှု၊ စနစ်တကျပြုစုမှုနှင့် စောင့်ရှောက်မှုမပြုနိုင်သေးတဲ့ အရေးပေါ်အခြေအနေတွေမှာ ထိခိုက်ဒဏ်ရာရရှိမှုသက်သာစေရန် အသက်ကယ်တင်နိုင်ရန်အတွက် ရှေးဦးစွာ ကူညီပေးခြင်းပဲဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မိမိတို့တတ်ထားတဲ့ ရှေးဦးပြုစုခြင်းအတတ်ဖြင့် ပြည်သူလူထုအား ကူညီရင်းနဲ့ မိမိတို့ရဲ့ မြို့နယ်အတွင်းမှာ ရှေးဦးပြုစုခြင်း အတတ်ပညာကို ပြန့်ပွားအောင် ဆောင်ရွက်သွားကြရန်နှင့် ထိခိုက်ဒဏ်ရာရရှိမှုတွေကို လျော့နည်းအောင် ဆောင်ရွက်ကြရန် တိုက်တွန်းအမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာချစ်စိန်က မော်လမြိုင်တက္ကသိုလ်၊ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ မွန်ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ၊ ပြည်နယ်တပ်ဖွဲ့မှူးက ကြက်ခြေနီ အကြောင်းသိကောင်းစရာများကို ပြောကြားခဲ့ပြီး မော်လမြိုင်တက္ကသိုလ်၊ ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ၊ ရုက္ခဗေဒပါမောက္ခ၊ ဌာနမှူးက ကျေးဇူးတင်စကားပြောခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းကို တက်ရောက်ကြသည့် သင်တန်းသား၊ သင်တန်းသူ၊ ကျောင်းသား၊ ကျောင်းသူလေးများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကာ သင်တန်းအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ မော်လမြိုင်တက္ကသိုလ်၊ ကြက်ခြေနီအသင်းခွဲရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအမှတ်စဉ်(၁/၂ဝ၂၅)သင်တန်းကို သင်တန်းသား၊ သင်တန်းသူ(၅၀၀)ကျော်ဖြင့် သင်တန်းကာလ(၃)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)