သံဖြူဇရပ် ဖေဖော်ဝါရီလ ၁၄
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် (၇၈) နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီက ကျောင်းပိုင်းရပ်ကွက်ရှိ မွန်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာအလံတင်အခမ်းအနားကို ကျင်းပရာ သဘာပတိအဖြစ် ဦးချိန်ဟုတ်၊ ဥက္ကဋ္ဌအဖြစ် နိုင်မွတ်မနိတ်နှင့် အဖွဲ့ဝင် ၄ ဦးတို့မှ ဆောင်ရွက်ပြီး၊ မွန်လူငယ်များမှ သယ်ဆောင်လာသည့် မွန်အမျိုးသားအလံအား မွန်သီချင်းသီဆိုကာလွှင့်တင်အလေးပြုခြင်း၊ ကျဆုံးလေပြီးဖြစ်သော မွန်အမျိုးသားခေါင်းဆောင်ကြီးများအား အလေးပြုခြင်းတို့ ဆောင်ရွက်သည်။
အခမ်းအနားသို့ သံဖြူဇရပ်မြို့နယ် တပ်နယ်မှူး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မွန်တိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြပြီး၊ သဘာပတိအဖြစ် ဦးချိန်ဟုတ်မှဆောင်ရွက်ပြီး အဖွင့်အမှာစကားပြောကြား၍ သံဖြူဇရပ်မြို့နယ် တပ်နယ်မှူး ဗိုလ်မှူးချုပ်ထွန်းနိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် မြို့နယ်မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီဥက္ကဋ္ဌ နိုင်မွတ်မနိတ်တို့က အမှာစကားပြောကြားကာ၊ နိုင်မွန်နှင့်နိုစရိုင်းမွန်တို့က မွန်ယဥ်ကျေးမှုနှင့် သမိုင်းကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် မွန်ညီညွတ်ရေးပါတီဗဟိုမှ ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်မွန်ညီညွတ်ရေးပါတီဥက္ကဋ္ဌ နိုင်ဟယျက ဖတ်ကြားပြီး၊ မွန်ပြည်သစ်ပါတီမှ ပေးပို့သည့် သဝဏ်လွှာကို မွန်ဆက်ဆံရေးရုံးဥက္ကဋ္ဌ နိုင်ရော့ထောတို့က မွန်ဘာသာဖြင့် ဖတ်ကြားခဲ့ကြပြီး မွန်ရိုးရာယဥ်ကျေးမှုအကအလှများဖြင့် သီဆိုဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
အလားတူ မွန်လူမျိုးများ အများစုနေထိုင်သည့် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ပငကျေးရွာ၊ ဝါခရူကျေးရွာ၊ ကွမ်သတ်ကျေးရွာနှင့် နှစ်ကိုင်းကျေးရွာတို့တွင်လည်း မွန်အမျိုးသားနေ့အခမ်းအနားများ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)