(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီးကဏ္ဍအလိုက် ဌာနဆိုင်ရာပြခန်းများ၌ လာရောက်လေ့လာကြည့်ရှုသူများဖြင့် ကြိတ်ကြိတ်တိုးစည်ကား 

တာမွေ ဖေဖော်ဝါရီ ၁၄

၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်မြို့ ဒဂုံမြို့နယ်ပြည်သူ့ရင်ပြင်၌ ရန်ကုန်တိုင်းဒေသကြီးကဏ္ဍအလိုက် ဌာနဆိုင်ရာပြခန်းများ၊ စျေးရောင်းပွဲတော်နှင့်  တေးဂီတဖျော်ဖြေပွဲကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့မှ (၁၄)ရက်နေ့အထိ နေ့စဉ်နံနက်()နာရီမှ ည(၁၀)နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိပြီး ယမန်နေ့ဒုတိယနေ့တွင်လည်း လာရောက်လေ့လာကြည့်ရှုသူပြည်သူများဖြင့် ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိကြောင်း သိရသည်။

 “ ကျွန်တော်တို့က ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်က လာရောက်တာပါ။ တီဗွီကနေ ဒီပွဲတော်ကျင်းပနေတာကိုမြင်ပြီး သူငယ်ချင်းတွေနဲ့အတူ လာရောက်လည်ပတ်ဖြစ်တာပါ။ ဒီမှာပြသထားတဲ့ ကဏ္ဍအလိုက် ပြခန်းတွေကနေ ကျွန်တော်တို့လူငယ်တွေအတွက် အသိပညာဗဟုသုတများစွာရရှိတဲ့အပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနပြခန်းမှာဆိုရင်လည်း လူငယ်တွေအတွက် အကျိုးရှိစေမဲ့စာအုပ်စာစောင်တွေ၊ နံရံကပ်စာစောင်တွေကို ပြသထားသလို ဉာဏ်စမ်းပဟေဠိမေးခွန်းတွေဖြေဆိုပြီး လက်ဆောင်တွေပေးတဲ့ အစီအစဉ်ကို ထည့်သွင်းပေးထားတဲ့အတွက် အရမ်းကို အတိုင်းမသိ ဝမ်းသာပျော်ရွှင်မိပါတယ် ” ဟု ပွဲတော်သို့ အပန်းဖြေလာရောက်လည်ပတ်သူတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ ၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ ရန်ကုန်တိုင်းဒေသကြီး ကဏ္ဍအလိုက် ဌာနဆိုင်ရာ ပြခန်းများ၊ စျေးရောင်းပွဲတော်နှင့်  တေးဂီတဖျော်ဖြေပွဲ၌ တိုင်းဒေသကြီးအတွင်းရှိ ကဏ္ဍလိုက် ဌာနဆိုင်ရာပြခန်း(၅၉)ခန်း ပြသထားသလို တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အသီးသီးမှထုတ်လုပ်သည့် စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဒေသရိုးရာအစားအစာများစသည်တို့ကို စျေးနှုန်းချိုသာစွာဖြင့် ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်း၊  ပွဲတော်သို့ လာရောက်လည်ပတ်သူများ စိတ်အပန်းပြေစေရန် တေးဂီတဖျော်ဖြေပွဲကိုလည်း စီစဉ်ဆောင်ရွက်ထားပြီး စိတ်ကိုမြူးကြွပေါ့ပါးသွားစေမည့် DJ တေးဂီတဖျော်ဖြေတင်ဆက်မှုများ၊ နိုင်ငံကျော်တေးသံရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများဖြင့် ဖျော်ဖြေပေးသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း စတုဒိသာအလှူအဖြစ် ထမင်းနှင့်ဟင်းကို ကျွေးမွေးလှူဒါန်းပေးလျက်ရှိကြောင်း၊ ဒါ့အပြင် စားသောက်ဆိုင်တန်းများ စီစဉ်ပေးထားပြီး လာရောက်လည်ပတ်ကြသူများ စားသောက်ရေးအဆင်ပြေစေရန်အတွက်လည်း သန့်ရှင်းလတ်ဆတ်သော အစားအစာများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ ပွဲတော်သို့ လာရောက်ကြသူများ သွားလာရေး အဆင်ပြေချောမွေ့စေရန်အတွက်လည်း YBS ခရီးသည်တင်ယာဉ်များအား လုံလုံလောက်လောက် ‌ပြေးဆွဲပေးလျက်ရှိကြောင်းနှင့် ယနေ့ဒုတိယနေ့တွင် လာရောက်လေ့လာကြည့်ရှုသူပြည်သူများဖြင့် အထူးပင်ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(တာမွေ)