ဇေယျာသီရိ ဖေဖော်ဝါရီ ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇေယျာသီရိမြိုနယ်၊ နန်းဩကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ဖိတ်ခေါ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်ဆိုင်ရာစွမ်းရည်မြင့်မားရေးပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။
ပြိုင်ပွဲတွင် ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြစန်းရီက ကလေးငယ်များ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတများ ကြွယ်ဝစေရန် ရည်ရွယ်၍ ယခုလိုပြည်သူ့စာကြည့်တိုက်သို့ ဖိတ်ခေါ်ပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြပွဲများ၊ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဦးဆောင်၍ ကလေးငယ်များအား ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံတူပန်းချီရေးဆွဲပြိုင်ပွဲများ ကျင်းပပေးခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် ကလေးငယ်များအား ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ ဇေယျာသီရိမြို့နယ်၊ နန်းဩကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပြီး ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)