ကျောက်ဆည်မြို့နယ်တွင် နွေနှမ်းသီးနှံများစိုက်ပျိုးရန် မြေယာများစတင်ထွန်ယက်

ကျောက်ဆည် ဖေဖော်ဝါရီ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နွေနှမ်း(၅၁၃၅)ဧက လျာစိုက်ပျိုးလျက်ရှိကြောင်းနှင့် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာမှ နွေသီးနှံများ စိုက်ပျိုးရန် ဆည်ရေများ စတင်ပေးဝေလျက်ရှိသဖြင့် နွေနှမ်းများစိုက်ပျိုးရန် မြေယာများစတင် ထွန်ယက် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

နွေနှမ်းသီးနှံများကို ဇော်ဂျီဆည်မှ မင်းရဲစိုက်ပျိုးရေပေးမြောင်း၊ ငပြောင်စိုက်ပျိုးရေပေးမြောင်း၊ နွားတက်မြောင်း၊ တမုတ်စိုက်ပျိုးရေပေး မြောင်း၊  အထက်လင်းဇင်းစိုက်ပျိုးရေပေးမြောင်းနှင့် ကင်းတား ဆည်မှ သင်းဒီးစိုက်ပျိုးရေပေးမြောင်း၊ စမာစိုက်ပျိုးရေပေးမြောင်း စသည့် ဆည်ရေသောက်စနစ် အဓိကထားစိုက်ပျိုးလျက်ရှိပြီး မြေအောက်ရေ(အဝီစိစက်ရေတွင်း)များဖြင့်ပါ လျာထားစိုက်ပျိုးလျက်ရှိကြောင်း  သိရသည်။

ကျောက်ဆည် မြို့နယ်အနေဖြင့် နှမ်းသီးနှံများ စိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီပြီးအထွက်နှုန်းကောင်းမွန်သည့် ဆင်းရတနာ(၄) နှမ်းအဖြူမျိုးများ အဓိကထားစိုက်ပျိုးကြပြီး နှမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေးနှင့် အထွက်နှုန်းကောင်းမွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများမှ တောင်သူများနှင့်ပူးပေါင်းပြီး နည်းပညာများစနစ်တကျပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများ လုံလောက်စွာ အလှည်ကျစနစ်ဖြင့် ပေးဝေလျက်ရှိကြောင်း သိရသည်။

သက်မောင်