မော်လမြိုင် ဖေဖေါ်ဝါရီ ၁၄
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် (၉၃) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲကို ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေပိုင်းတွင် မြို့တွင်းလမ်းတစ်လျောက် သတ်မှတ်ထားသည့် လမ်းများအတိုင်း ကျောက်တန်းရပ်ကွက်မှ အောက်လမ်းမကြီးတစ်လျောက် ဘိုကုန်းရပ်ကွက် သံလွင်ဟိုတယ်ထိပထမရက်အဖြစ်လည်းကောင်း၊ ငန်းတေးရပ်ကွက်မှ မြိုင်သာယာရပ်ကွက်လမ်းအတိုင်း စျေးကြိုအဝိုင်းမှ မီးရထားဘူတာထိဒုတိယရက်အဖြစ်လည်းကောင်း၊ ဇေယျာသီရီရပ်ကွက်လမ်းမကြီးမှ ဒေါ်လန်းရပ်အထိ တတိယရက်အဖြစ်လည်းကောင်း၊ ဖေဖော်ဝါရီ ၁၂ စတုတ္ထရက်နေ့တွင် သာသနာ့ဗိမာန်တော်ကြီးမှ ကျိုက်သုတ်ဘုရားအထိအဖြစ်လည်းကောင်း လှည့်လည်အပူဇော်ခံရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖူးမြှော်ကြည်ညိုခဲ့ကြသည်။
ထို့နောက် နှစ်ကျိပ်ရှစ်ဆူဘုရားရှင်များ ဒေသစာရီကြွချီပူဇော်ပွဲတွင် ကြည်ညိုဖွယ်ကောင်းအောင် ပင့်ဆောင်ပူဇော်ကြသည့် ယာဉ်များအား ဆုချီးမြှင့်ရာ ပထမ၊ ဒုတိယ၊ တတိယ၊ ကြိုးစားအားထုတ်မှုဆုနှင့် အထူးဆုရရှိသော ရပ်ကွက်ဥပဿကာအဖွဲ့များအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်လည်ပူဇော်ရေးအဖွဲ့ တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
မော်လမြိုင်မြို့၏ နှစ်ကျိပ်ရှစ်ဆူဘုရားပူဇော်ပွဲကို ၁၉၁၆ ခုနှစ်တွင် ပန်းဘဲတန်းရပ်ကွက်မှ စတင်ကာ ကုသလဝါယမအသင်းက ဦးဇိနစေတီတော်ကို ဘုရားမီးပူဇော်ရန် ရည်ရွယ်ချက်ဖြင့် စတင်ခဲ့တာဖြစ်ပြီးယခင်ကာလအချိန်တုန်းက အထမ်းဖြင့် ဘုရားများကို လှည့်လည်ပူဇော်ခဲ့ကြကာ ၁၉၄၆ ခုနှစ်မှ စတင်ပြီး မော်လမြိုင် အမတ် သခင်သင်းလှိုင်က ဦးစီးပြီး မြို့လုံးကျွတ်လှည့်လည်ပွဲအဖြစ် ပြောင်းလဲကျင်းပခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)