မိုးနဲမြို့နယ်၌ ဆောင်းဆီထွက်သီးနှံ နေကြာများ ရိတ်သိမ်း

မိုးနဲ ဖေဖော်ဝါရီ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ရှိ တောင်သူများအနေဖြင့် မိုးစပါးများ ရိတ်သိမ်းပြီးချိန် သီးထပ်အဖြစ် စျေးကွက်ပိုမိုရရှိမည့် သီးနှံများကို ရွေးချယ်စိုက်ပျိုးလာကြရာ ဆောင်းနေကြာဆီထွက်သီးနှံကို အဓိကထားစိုက်ပျိုးလာကြပြီး လက်ရှိတွင် နေကြာများ စတင် ရိတ်သိမ်းနေကြပြီဖြစ်ကြောင်း သိရသည်။

ဆီထွက်သီးနှံ‌နေကြာသည် စိုက်ပျိုးစရိတ်သက်သာခြင်း၊ ရေငတ်ဒဏ်ခံနိုင်ခြင်း၊ ရောဂါပိုးမွှားကျရောက်မှုနည်းပါးခြင်းတို့ကြောင့် တောင်သူများစုက သီးထပ်အဖြစ် ပိုမိုစိုက်ပျိုးလာ‌ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်လည်း သီးထပ်စွမ်းအားပိုမိုမြှင့်တင်စိုက်ပျိုးနိုင်ရေးအတွက်လည်း လိုအပ်သောနည်းပညာများ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပြီး သီးထပ်ဆောင်းဆီထွက်သီးနှံ နေကြာစိုက်ဧကပေါင်း ၁၄၂ ဧကရှိပြီး ရိတ်သိမ်းပြီးဧက ၆၃ ဧကအထိရိတ်သိမ်းပြီးဖြစ်ရာ ထွက်နှုန်းအနေဖြင့် တစ်ဧကပျမ်းမျှ ၁၇ တင်းထွက်ရှိကြောင်း၊ မြို့နယ်အတွင်းဆီနေကြာ တစ်တင်းလျှင် ကျပ် ၄၅၀၀၀ အထိ ပေါက်ဈေးရှိကြောင်း သိရသည်။

ဒေသခံတောင်သူအများအနေဖြင့် သီးထပ်သီးနှံများစိုက်ပျိုးရာတွင် အခြားသီးနှံများဖြစ်သည့် မုန်ညင်း၊ မြေပဲ၊ ကြက်သွန်ဖြူနှင့် အခြားသီးနှံများကိုလည်း မိသားစုအပိုဝင်ငွေရရှိရေးအတွက် စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်းနေကြာသီးနှံနှင့် အခြားသီးနံစိုက်ပျိုးတောင်သူများကို စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)