စဉ့်ကိုင် ဖေဖော်ဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်ရှိ မြို့တော်ခန်းမတွင်ကျင်းပသည့် ကျောက်ဆည်ခရိုင် အတွင်းနွေသီးနှံစိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့များနှင့် သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် စပါးသီးနှံ၊ နေကြာသီးနှံ၊ နှမ်းသီးနှံနှင့် ပဲတီစိမ်းသီးနှံစိုက်တောင်သူများအတွက် မျိုးကောင်းမျိုးသန့်မျိုးစေ့များနှင့် သွင်းအားစုများ ပေးအပ်သည့်အခမ်းအနားဖြစ်ပါကြောင်း၊ နိုင်ငံတော်က စပါးသီးနှံ ဖူလုံတိုးတက်စေရန်အတွက် စပါးသီးနှံပန်းတိုင်အထွက်နှုန်း တိုးတက်ရရှိရေး အလေးထားဆောင်ရွက်နေပြီး နေကြာသီးနှံ၊ နှမ်းသီးနှံ၊ ဂျုံသီးနှံ၊ ဝါသီးနှံ၊ ပဲသီးနှံ အထွက်နှုန်းပြည့်မီရေး ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ အရည်အသွေးကောင်း၊ အထွက်ကောင်း မျိုးစေ့များနှင့် သွင်းအားစုများကို ဖြန့်ဖြူးပေးခြင်းဖြင့် တောင်သူများ၏ သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် အရည်အသွေးကောင်းမွန်ရေးကို အဓိကရည်ရွယ်ပြီး မျိုးကောင်းမျိုးစေ့များနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ တောင်သူများ၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက် အောင်မြင်စေရန်များစွာအထောက်အကူဖြစ်ပါကြောင်း၊ မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်း ၄ သွယ်ဖြင့် စနစ်တကျလိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ စားရေရိက္ခာ ဖူလုံရေးအတွက် ရည်မှန်းချက်ပန်းတိုင်များ အောင်မြင်အောင် ဆောင်ရွက်ရာတွင် တောင်သူများ၏အခန်းကဏ္ဍသည် အရေးကြီးပြီး အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူးဦးဝင်းထိန်က နွေသီးနှံ စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့နှင့်သွင်းအားစု ထောက်ပံ့ပေးရခြင်းနှင့် လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင် ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်မြို့နယ်၊ မြစ်သားမြို့နယ်များမှ တောင်သူများ အားစပါးမျိုးစေ့၊ နှမ်းမျိုးစေ့၊ နေကြာမျိုးစေ့၊ ပဲတီစိမ်းမျိုးစေ့၊ ဓာမြေဩဇာနှင့် သဘာဝမြေဩဇာများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူများနှင့် တက်ရောက်လာကြသူများအား ရင်းနှီးစွာ နှုတ်ဆက်ခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဆည်မြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနခြံသို့ရောက်ရှိပြီး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးနှင့် တာဝန်ရှိသူများက မြေယာအသုံးချမှု၊ မိုးရာသီတွင် ဆောင်ရွက်ခဲ့သော စပါးသီးနှံ သုတေသနလုပ်ငန်းများ၊ ကုလားပဲသီးနှံ၊ ဂျုံသီးနှံနှင့်နေကြာသီးနှံ သုတေသနလုပ်ငန်းများ၊ မိုးကြိုရာသီတွင် ဆောင်ရွက်မည့် စပါးသီးနှံ သုတေသနလုပ်ငန်းများနှင့်ပတ်သက်၍ ၂၀၂၄-၂၀၂၅ ခုနှစ် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လယ်ယာကဏ္ဍတွင် ပါဝင်သည့် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီရေး၊ တောင်သူများအားအရည်အသွေးကောင်း မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးနိုင်ရေးတို့အတွက် သုတေသနလုပ်ငန်းသည် အလွန်အရေးကြီးပါကြောင်း၊ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်းနှင့် စားရေရိက္ခာ ဖူလုံရေးအတွက် နိုင်ငံတော်မှ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်သည့် မူဝါဒများကို အလေးအနက်ထားကာ အောင်မြင်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်းပြောကြားပြီး ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး သုတေသနလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စဉ့်ကိုင်မြို့နယ်၊ အုန်းပင်ခြံကျေးရွာအုပ်စု၊ အုန်းပင်ခြံကျေးရွာရှိ တောင်သူဦးတွတ်၏ ဆောင်းနေကြာ(ဆင်းရွှေကြာ-၂) မျိုးစေ့ထုတ်ဧက (၃၀) စံပြကွက်စိုက်ခင်းသို့ ရောက်ရှိပြီး တောင်သူများ၊ မန္တလေးတိုင်းဒေသကြီးအတွင်း စာတွေ့လက်တွေ့ကွင်းဆင်းနေသည့် တိရစ္ဆာန်ဆေးကုသိပ္ပံ ဒီပလိုမာသင်တန်းကျောင်း(အင်းစိန်)၊ တစ်နှစ် ဒီပလိုမာသင်တန်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းနှီးစွာတွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်က စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေမှုများ၊ တောင်သူများအားမျိုးစေ့များနှင့် သွင်းအားစုများ ထောက်ပံ့ပေးနေမှုများ၊ တောင်သူများမှ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးနေမှုများကို ပြောကြားပြီး စံပြစိုက်ကွင်းအတွင်း ရှင်သန်ဖြစ်ထွန်းနေမှုများ၊ နေကြာသီးနှံအထွက်နှုန်း ကောင်းမွန်စေရန် ပျားဝတ်မှုံကူးခြင်းနှင့် ပျားအုံမှ ပျားရည်ထုတ်လုပ်ခြင်းလုပ်ငန်းအဆင့်ဆင့်အား သရုပ်ပြသမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ကျော်စွာ(စဉ့်ကိုင်)