ချောင်းဆုံ ဖေဖော်ဝါရီ ၁၄
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် တိုင်းရင်းသားပေါင်းစုံစုပေါင်းနေထိုင်ကြကာ မွန်လူမျိုးအများဆုံးနေထိုင်လျက်ရှိပြီး မွန်တိုင်းရင်းသားများအနေဖြင့် မွန်အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားကို အစဉ်အလာမပျက် နှစ်စဉ်ကျင်းပလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ရွာလွတ်ကျေးရွာတွင် (၇၈) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။
ဦးစွာ မွန်အမျိုးသားအလံတော်အား လွှင့်တင်ခြင်းနှင့် အခမ်းအနားတက်ရောက်လာသူများမှ မွန်အမျိုးသားအလံနှင့် မွန်အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြပြီး တာဝန်ရှိသူများမှ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ သဘာပတိကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် တာဝန်ရှိသူများမှ မွန်အမျိုးသားနေ့၊ မွန်စာပေနှင့် ယဉ်ကျေးမှုသမိုင်းတို့အား ရှင်းလင်းတင်ပြခဲ့ပြီး လာမည့်နှစ်တွင် မွန်အမျိုးသားနေ့ကျင်းပမည့် ကွမ်ရိုက်ကျေးရွာသို့ မွန်အမျိုးသားနေ့ကျင်းပရေးအလံအား လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါ (၇၈) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားသို့ ကျေးရွာ (၂၁) ရွာမှ မွန်တိုင်းရင်းသားအဖွဲ့များမှ ချီတက်အလေးပြုခဲ့ကြပြီး မွန်ရိုးရာယဉ်ကျေးမှုဖျော်ဖြေရေးပွဲများ၊ စာပေပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲများကိုလည်း ကျင်းပလျက်ရှိရာ အနယ်အနယ်အရပ်ရပ်မှ တိုင်းရင်းသားများ ပျော်ရွှင်စွာ လာရောက်အားပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)