သထုံ ဖေဖော်ဝါရီ ၁၄
မွန်ပြည်နယ်၊ သထုံမြို့နယ်၏ (၇၈) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို သထုံမြို့၊ လိပ်အင်းရပ်ကွက်၊ မွန်စုရပ်ရှိ သာသနာ့ရံသီ(မွန်)ကျောင်း၌ ယမန်နေ့ တပို့တွဲလပြည့်ကျော်(၁)ရက် နံနက်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နံနက်အရုဏ်တက်အချိန်၌ မြို့နယ်မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီမှ ဦးဆောင်၍ သံယာတော်များအား ဆွမ်းဆက်ကပ်ပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးစိုး၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့က တရားတော်များနာယူပြီး လှူဖွယ်များဆက်ကပ်ခြင်း အသက်(၈၀)နှစ်နှင့်အထက် မွန်တိုင်းရင်းသား သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ကြခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
ယင်းနောက် နံနက် ၇ နာရီ အချိန်၌ တက်ရောက်လာကြသည့် မွန်၊ ကရင်၊ ပအိုဝ်း၊ ဗမာ စသည့်တိုင်းရင်းသားများက မွန်အမျိုးသားအလံတော်ကို လွှင့်ထူအလေးပြုကြပြီး မွန်တိုင်းရင်းသားစာပေအဖွဲ့များ၊ ယဉ်ကျေးမှုအဖွဲ့များက ရိုးရာယဉ်ကျေးမှုအကတို့ဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြသည်။
သထုံမြို့နယ်တွင် မြိုနယ်အဆင့် မွန်အမျိုးသားနေ့အခမ်းအနားကို မွန်တိုင်းရင်းသားအများစုနေထိုင်သည့် ကျေးရွာများ၌ အလှည့်ကျ နှစ်စဉ်ပြုလုပ်လေ့ရှိပြီး ယခင်နှစ်များတွင် သက်ကြီးပူဇော်ပွဲ၊ ယိမ်းပြိုင်ပွဲများ၊ ပြခန်းများနှင့် စတုဒိသာကျွေးမွေးခြင်းတို့ဖြင့် စည်ကားစွာ ကျင်းပလေ့ရှိကြောင်း မြို့နယ်မွန်တိုင်းရင်သားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ သိရသည်။
ခရိုင် (ပြန်/ဆက်)