ကျိုက်မရောမြို့နယ်၌ (၇၈) နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကျိုက်မရော ဖေဖေါ် ဝါရီ ၁၄

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် (၇၈) နှစ်​မြောက် မွန်အမျိုးသားနေ့ အလံတင်အခမ်းအနားကို ယမန်နေ့ နံနက် ၅ နာရီက ဆုတောင်းပြည့်ဘုရားကြီးဝင်းအတွင်းရှိ မွန်အမျိုးသားနေ့စင်မြင့်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ဦးစွာ မွန်အမျိုးသားအလံကို စင်မြင့်ထက်၌ စိုက်ထူကာ မွန်လူမျိုးများက ချီတက်အလေးပြုကြသည်။ ဆက်လက်၍ ဘုရားကြီးကျောင်းတိုက်ဆရာတော် နိုင်ငံတော်သံဃာ့ဝန်ဆောင်သဒ္ဓမဇောတိ ကဓဇအဂ္ဂမဟာ ပဏ္ဍီတဘဒ္ဒန္တဝါရီန္ဒကြီးမှူး၍ မွန်တိုင်းရင်းသားလူမျိုးများ စုပေါင်းကာ ဆရာတော်သံဃာတော်များအား အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ထို့နောက် နံနက် ၇ နာရီတွင် (၇၈) နှစ်မြောက် မွန်အမျိုးသားနေ့သဝဏ်လွှာကို မွန်တိုင်းရင်းသားတစ်ဦးက မြန် မာဘာသာ/မွန်ဘာသာနှစ်မျိုးဖြင့် ဖတ်ကြားခဲ့သည်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ မွန်တိုင်းရင်းသားအများစု စုပေါင်းနေထိုင်ကြပြီး မွန်အမျိုးသားနေ့ အခမ်းအနားများကို ကျေးရွာအနှံအပြား၌ နှစ်စဥ်နှစ်တိုင်း ရိုးရာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရာ ယခုနှစ်၌ (၇၈) နှစ်မြောက်ပြည့်ခဲ့ပြီး ထိုနေ့၌ မွန်ရိုးရာအကအလှများ၊ ပြခန်းများပြသထားပြီး အခမ်းအနားသို့ တက်ရောက်လာသည့် တိုင်းရင်းသားများ အားနံနက်စာရိုးရာ မုန့်တီများဖြင့် စတုဒီသာကျွေးမွေးခြင်း၊ ရိုးရာအကများဖြင့် ကပြဖျော်ဖြေခြင်းများဖြင့် အထူးစည်ကားများပြားလျက်ရှိကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)