မြစ်သား ဖေဖော်ဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ နွေသီးနှံစိုက်ပျိုးသည့် တောင်သူများ မျိုးကောင်းမျိုးသန့် သုံးစွဲနိုင်ရေး၊ မြေဆီဩဇာထက်သန်ရေး လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရန်အတွက် နွေသီးနှံ စိုက်ပျိုးသည့် တောင်သူများအား တောင်သူစိုက်ပျိုးနည်းပညာပေးဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းအချိန်က ခတက်ကုန်းကျေးရွာနှင့် မြို့ကုန်းကျေးရွာတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်နှင်းထွေးက နွေသီးနှံစိုက်ပျိုးသည့် တောင်သူများ အကျိုးဖြစ်ထွန်းစေရေးနှင့် နွေသီးနှံများဖြစ်သည့် နွေစပါး၊ နွေနှမ်း၊ မိုးကြိုဝါ၊ မိုးကြိုပဲတီစိမ်းများကို အဓိက စိုက်ပျိုးသွားမှာဖြစ်ပြီး ဆည်ရေရရှိမှုအပေါ် မူတည်ကာ ယမန်နှစ်ထက် နွေစပါးကို တိုးမြှင့်စိုက်ပျိုးသွားမှာဖြစ်ကြောင်း၊ နွေသီးနှံစိုက်ပျိုးသည့် တောင်သူများ မျိုးကောင်းမျိုးသန့်သုံးစွဲနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ရန်၊ မြေဆီဩဇာထက်သန်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုက်နာရမည့်နည်းစနစ်များကို ပညာပေးဆွေးနွေးခဲ့သည်။ မြေ၊ မျိုး၊ ပိုးတာဝန်ခံများမှ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း မျိုးစေ့အရည်အသွေး ထိန်းသိမ်းရေးလုပ်ငန်း၊ စိုက်ပျိုးသီးနှံများတွင် ကျရောက်တတ်သော ဖျက်ပိုးများ၏ အလေ့အထနှင့် ကာကွယ်နှိမ်နှင်းနည်းများ၊ သီးနှံအထွက်တိုးနည်းပညာများကို အသီးသီး ပညာပေး ဆွေးနွေးခဲ့ကြသည်။
ပညာပေးဆွေးနွေးပွဲတွင် မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမင်းနိုင်က ယခုလိုပညာပေး ဆွေးနွေးဆောင်ရွက်ခြင်းဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ပြီး စိုက်ပျိုးသီးနှံများ တစ်ဧကအထွက်နှုန်း တိုးတက်လာစေမည်ဖြစ်ကြောင်း အကျယ်တဝင့်ဆွေးနွေးခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ ခရိုင်စိုက်ပျိုးရေးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခတက်ကုန်းနှင့် မြို့ကုန်းကျေးရွာမှ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သီတာအောင်(ပြန်/ဆက်)