ဟိုပုံးမြို့နယ် အ.ထ.က(ဒုံမေးခိုး)တွင် မီးခိုးမြူငွေ့အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ဟိုပုံး ဖေဖော်ဝါရီ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မီးခိုးမြူငွေ့ဖြစ်ပေါ်ခြင်းကြောင့် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာရပြီး လူသားများနှင့် ပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုများအား သိရှိနားလည်စေရန် ရည်ရွယ်၍ မီးခိုးမြူငွေ့အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (ဒုံမေးခိုး)၌ ကျင်းပသည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန်းထိုက်စိုးက မီးခိုးမြူငွေ့ဆိုသည့် အဓိပ္ပာယ်၊ မော်တော်ကား၊ စက်ရုံ၊ ဇီဝပစ္စည်းလောင်ကျွမ်းမှု၊ တောင်ယာများမီးရှို့ခြင်း၊ နေအိမ်မှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများအား မီးရှို့ခြင်းကြောင့်  ဖြစ်ပေါ်လာနိုင်သော မီးခိုးမြူငွေ့ဆိုးကျိုးအန္တရာယ်များ၊ မီးခိုးမြူငွေ့ကြောင့် ရာသီဥတုပြောင်းလဲမှုဖြစ်ပေါ်ခြင်းနှင့် မီးခိုးမြူငွေ့အန္တရာယ်ကို ကြိုတင်ကာကွယ်ရန်နည်းလမ်းများ စသည့်အကြောင်းအရာများအား ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသား မိဘများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ပရိုဂျက်တာဖြင့် အသိပညာပေး ဆွေးနွေးဟောပြောသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ ၁၁၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)