ဟိုပုံးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

ဟိုပုံး ဖေဖော်ဝါရီ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ဒေသအဆင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များအား အတတ်ပညာသာမက အသိပညာဗဟုသုတများ ရှာမှီးနိုင်ရန်၊ နိုင်ငံ့အနာဂတ်စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်မှုများ အရှိန်အဟုန်မြင့်မားလာစေရန်၊ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ စာဖတ်သည့်ဓလေ့၊ စာကြည့်တိုက်များသို့ သွားလာအသုံးချနိုင်မည့် အလေ့အကျင့်များဖြစ်လာစေရန်၊ ပညာဗဟုသုတပြည့်ဝ၍ အနာဂတ်တွင် နိုင်ငံတော်အတွက် ဦးဆောင်ဦးရွက်ပြုသူများဖြစ်စေရန် ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနဖြင့် ပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ပေါင်လင်းကျေးရွာအုပ်စု အခြေခံပညာအလယ်တန်းကျောင်းခွဲ(ဟိုနား)၌ ဆောင်ရွက်သည်။

အသိပညာပေးဟောပြောပွဲတွင် အခြေခံပညာအလယ်တန်းကျောင်းခွဲ (ဟိုနား) ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်သက်အောင်က အမှာစကားပြောကြားပြီး  ဒေသအဆင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူးက ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တန်ဖိုးဖြတ်မရသည့် ရတနာများဖြစ်ဖြစ်သဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိအမြင်အတွေးအခေါ်များနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေပြီး ငယ်စဉ်ကတည်းက စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိကာ စာပေချစ်မြတ်နိုးစိတ်များ ကိန်းအောင်းနေစေရန်အတွက် “စာဖတ်ရှိန်မြှင့်တင်ရေး” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောသည်။

ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲအား ခင်းကျင်းပြသခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပြီး မိမိတို့ကြိုက်နှစ်သက်သည့် စာအုပ်စာစောင်များအား ဖတ်ရှုမှတ်သား လေ့လာခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)