တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို (၇၈) နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားသို့ တက်ရောက်

ထားဝယ် ဖေဖော်ဝါရီ ၁၃

မွန်အမျိုးသားတို့၏ဇာတိသွေး၊ ဇာတိမာန်များရှင်သန်နိုးကြားရေးနှင့် မွန်စာပေမွန်ယဉ်ကျေးမှုများကို ထိန်းသိမ်းဖော်ထုတ်မြှင့်တင်လိုစိတ်များ မြင့်မားတိုးတက်လာစေရန် ရည်ရွယ်ကာ (၇၈) နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ဟန်၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ်၊ သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်၊ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌဦးနိုင်မင်းနိုင်တို့က (၇၈) နှစ်မြောက် မွန်အမျိုးသားနေ့အထိမ်းအမှတ် မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တက်ရောက် လာသောဧည့်သည်တော်များအား မွန်ရိုးရာတပင်တိုင်အက၊ ရွှေဟင်္သာအကဖြင့် ကပြဖျော်ဖြေတင်ဆက်သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက နှစ်စဉ်တပို့တွဲလပြည့်ကျော် (၁) ရက်နေ့ ကျရောက်တိုင်း ကျင်းပသည့် မွန်အမျိုးသားနေ့အခမ်းအနားသည် သမိုင်းအစဉ်အလာ၊ ဂုဏ်သိက္ခာကြီးမားပြီး လူမျိုးတစ်မျိုး၏ အထွဋ်အမြတ်ဖြစ်သည့်အားလျော်စွာ မွန်လူမျိုးအားလုံး မိမိတို့ရောက်ရှိနေထိုင်ကြသော နေရာဒေသအနှံ့အပြားတွင် အသီးသီးကျင်းပလျက်ရှိကြောင်း၊ မွန်လူမျိုးတို့၏ ဘာသာစကား ယဉ်ကျေးမှုဓလေ့ထုံးတမ်း၊ သမိုင်းအစဉ်အလာများ မပျောက်ကွယ် မတိမ်ကောသွားစေရန်၊ ထိန်းသိမ်းသွားရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ရန်၊ မွန်လူမျိုးတို့၏ ဇာတိသွေး၊ ဇာတိမာန်အစဉ်နိုးကြားပြီး စည်းလုံးညီညွတ်မှုရှိစေရန်၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး အတူတကွပေါင်းစည်းပြီး စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သွားရန် စသည့်ကောင်းမြတ်သော ရည်ရွယ်ချက်များဖြင့် ကျင်းပလျက်ရှိကြောင်း၊ အသီးတရာအညှာတစ်ခုပမာ အမိနိုင်ငံတော်ကြီးသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်ကြသည့်  နိုင်ငံတော်တစ်ခုဖြစ်ကြောင်း၊  တိုင်းရင်းသား လူမျိုးအသီးသီးတို့သည် မတူညီသည့် သမိုင်းနောက်ခံ၊ ရပ်တည်ချက်၊ မိမိတို့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့် နေထိုင်ကြသည့် အလျာက် မိမိတို့လူမျိုးအလိုက် အမျိုးသားနေ့များကိုလည်း ကောင်းမွန်သည့် ရည်ရွယ်ချက်များဖြင့် ကျင်းပကြကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းအတွင်းရှိ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများ၊ စာပေနှင့်အနုပညာများ ထိန်းသိမ်းမြှင့်တင်နိုင်ရန်နှင့် တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်းများ ပျောက်ကွယ်မှု မရှိစေရန် အလေးအနက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ မွန်တိုင်းရင်းသားများ အနေဖြင့်လည်း မိမိတို့၏စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ထုံးစံများကို ပိုမိုဖွံ့ဖြိုးတိုး တက်လာစေရန် မွန်တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အားလုံးတက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းအားထုတ်ကြရန်နှင့် မွန်အမျိုးသားနေ့ဖြစ်သည့်အားလျော်စွာ မိမိတို့လူမျိုး၊ ဘာသာ၊ သာသနာနှင့် အမျိုးသားအကျိုးစီးပွားတိုးတက်ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထွန်းမှ (၇၈) နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က ဖတ်ကြားပြီး မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးနိုင်မင်းနိုင်က ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ မွန်လူမျိုးတို့၏ခေတ်အဆက်ဆက် ဝတ်စားဆင်ယင်မှုကို ဖော်ထုတ်တင်ပြကြကာ “သာစွဌာနေရာမညမြေ” သီချင်းဖြင့် ကပြဖျော်ဖြေပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မွန်လူမျိုးများတို့က စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

ကျော်ကျော်လတ်