တပ်ကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းများတွင် စာမေးပွဲဖြေဆိုမည့် ကာလများအတွင်း စာသင်ကျောင်းများ မီးလောင်၊ မီးလန့်မှုမဖြစ်ပွားစေရေး သက်ဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

တပ်ကုန်း ဖေဖော်ဝါရီ ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းများတွင် စာမေးပွဲဖြေဆိုမည့် ကာလများအတွင်း မီးလောင်၊ မီးလန့်မှုမဖြစ်ပွားစေရေးနှင့် မီးဘေးလုံခြုံရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါပူးပေါင်းအဖွဲ့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟိန်းအောင်ကျော် ဦးဆောင်၍ မီးသတ်ဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ SAE ဒေါ်ဇင်လှိုင်မြင့်နှင့် တာဝန်ရှိသူများက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းများ၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းများ၊ အခြေခံပညာအထက်တန်းကျောင်း(MRTV)၊ အခြေခံပညာအထက်တန်းကျောင်း(ညောင်လွန့်)၊ အခြေခံပညာအထက်တန်းကျောင်း(မကျီးပင်)ကျောင်းတို့တွင် ကျောင်းပတ်ဝန်ကျင် အမှိုက်ခြောက်များမရှိစေရေး၊ မီးသတ်ဆေးဘူးများ အသင့်ပြင်ဆင်ထားရှိစေရေး၊ ကျောင်းဝင်းအတွင်းရှိ အုတ်ရေကန်များ ရေဖြည့်တင်းထားရှိစေရေး၊ စာသင်ဆောင်များတွင် သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများ ဟောင်းနွမ်းပေါက်ပြဲမှုမရှိစေရေး လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

တင်စိုးလွင်