နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး မဟာဝိသုတာရာမ စျေးကုန်းကျောင်းတိုက်ကြီး၏ (၄၉)ကြိမ်မြောက် ဓမ္မဝိနိယ စာတော်ပြန်ပွဲ ဆုနှင်းသဘင်အခမ်းအနား တက်ရောက်ကြည်ညို

နေပြည်တော် ဖေဖော်ဝါရီ ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်၊ မဟာဝိသုတာရာမဈေးကုန်း ပရိယတ္တိစာသင်တိုက်၌ (၄၉)ကြိမ်မြောက် ဓမ္မဝိနယ စာတော်ပြန်ပွဲ ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁) နာရီက ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မဟာဝိသုတာရာမဈေးကုန်း ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ၊ နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ဝင် ဘဒ္ဒန္တစန္ဒောဘာသ အမှူးပြုသော ပင့်သံဃာဆရာတော်ငါးပါး၊ စာအောင်သာမဏေ ၂၂၄ ပါး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်သာသနာရေးမှူး ဦးထွန်းမြင့်အောင်၊ ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းဦး၊ မြို့နယ်သာသနာရေးမှူး ဦးသိန်းနိုင်ထူးနှင့်ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ၁၀၈ ဆူအောင်တော်မူစေတီတော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဓမ္မစင်္ကြာရွတ်ဖတ်အဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး ကူးတို့ဆိပ် အခြေခံပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိလာသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြခဲ့သည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် နေပြည်တော် တိုင်းသံဃနာယကအဖွဲ့ဝင်၊ မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက်ကြီး၏ ပဓာန နာယကဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တစန္ဒေါ ဘာသထံ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် ဓမ္မစကြာအဖွဲ့မှ စာအောင်သံဃာတော်များအား ဂုဏ်ပြုချီးကျူး ကဗျာများဖြင့် ရွတ်ဆိုပူဇော်ကြပါသည်။ ထို့နောက် စာအောင်သာမဏေ ၂၂၄ ပါးအား စာအောင်လက်မှတ်များနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် ဧည့်ပရိသတ်များသည် နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ဝင် မဟာဝိသုတာရာမဈေးကုန်း ကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တစန္ဒေါ ဘာသထံမှ လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချတရားနာယူကြည်ညိုကြပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

ယနေ့ ကျင်းပပြုလုပ်သော ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမဈေးကုန်းပရိယတ္တိ စာသင်တိုက်မှ (၄၉) ကြိမ်မြောက် ပရိယတ္တိဓမ္မဝိနယ စာတော်ပြန်ပွဲတွင် သာမဏေ ပထမအဆင့် သာမဏေ ၉၁ ပါး၊ ဒုတိယအဆင့်သာမဏေ ၈၅ ပါး ၊ တတိယအဆင့် သာမဏေ ၃၀ ပါး၊ ပထမကြီးအောင် သုံးပါး၊ ပထမလတ် တစ်ပါး၊ ပထမငယ် ရှစ်ပါး၊ မူလတန်း ခြောက်ပါး၊ စုစုပေါင်း ၂၂၄ ပါး အောင်တော်မူ၍ စာအောင် သံဃာဆုများ ချီးမြှင့်ကပ်လှူခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)