တံတားဦးမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကျင်းပ

တံတားဦး ဖေဖော်ဝါရီ ၁၃

၂၀၂၅-ခုနှစ် ဖေဖော်ဝါရီ(၁၂)ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို တံတားဦးမြို့ အမှတ်(၃)ရပ်ကွက် ဆုံကုန်းရပ်ရှိ မြို့နယ်ခန်းမရှေ့၌ ယမန်နေ့နံနက် (၅)နာရီခွဲ အချိန်တွင်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံအား လွှင့်တင်ရာတံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများစုစုပေါင်း(၉၅)ဦးတို့ တက်ရောက်ပြီး နိုင်ငံတော်အလံအား အလေးပြုကြသည်။

ထို့နောက် နံနက်(၇)နာရီတွင် တံတားဦးမြို့ အမှတ်(၃)ရပ်ကွက် ဆုံကုန်းရပ်ရှိ မြို့နယ်ခန်းမ၌ သဝဏ်လွှာဖတ်ပွဲအခမ်းအနားကိုကျင်းပရာ ရှေးဦးစွာ နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော  ရဲဘော် အပေါင်းအား တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အလေးပြုကြသည်။ ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာအား တံတားဦးခရိုင် စီမံချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းကဖတ်ကြားသည်။ ထို့နောက် တံတားဦးခရိုင် စီမံချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား/သူများကို ဆုများ အသီးသီးပေးအိပ်ချီးမြှင့်ကြသည်။

အဆိုပါအခမ်းအနားသို့ တံတားဦးခရိုင် စီမံချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ  တက်ရောက်ကြကြောင်း သိရသည်။

ရဲတင့်( ပြန်/ဆက်)