မိုင်းယုမြို့၌ နေ့သုံးနေ့ထပ်သည့် ရှင်ဥပဂုတ္တမထေမြတ်ပူဇော်ပွဲ (ခ) ဝါးဖောင်မီးမျှောပူဇော်ပွဲ ကျင်းပ

မိုင်းယု ဖေဖော်ဝါရီ ၁၃

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ဒေသခံ ရှမ်းတိုင်းရင်းသားတို့၏ အစဉ်အမြဲ ကျင်းပလေ့ရှိသည့် ရှင်ဥပဂုတ္တမထေမြတ်ပူဇော်ပွဲ(ခ)ဝါးဖောင်မီးမျှောပူဇော်ပွဲကို ယမန်နေ့ည (တပို့တွဲလပြည့် ၁၅ ရက်၊ လပြည့်နေ့၊ ဗုဒ္ဓဟူးနေ့)ညက မိုင်းယုမြို့မရပ်ကွက်ရှိ နမ့်လွေချောင်းစပ်သဲသောင်ပြင်၌  ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ ပွဲတော်ကို လာအိုနိုင်ငံမှ ဆရာတော်၊ ဟိုခိုကျောင်းတိုက်ဆရာတော်၊  မြိုမရပ်ကွက် ထေရဝါဒကျောင်းတိုက်ဆရာတော်တို့နှင့်အတူ မိုင်းယုဒေသတွင်းရှိ ရပ်ကွက်ကျေးရွာများမှ ဆရာတော်များက တရားတော်များ နာကြားခြင်း၊ ဆရာတော်တို့အား အလှူရှင်များက လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခြင်း၊ ရှင်ဥပဂုတ္တမထေမြတ်အား ရည်စူးလျက် အလှူဖွယ်ဝတ္တုပစ္စည်း အစုစုတို့ တင်ဆောင်လှူဒါန်းထားသည့် ဝါးဖောင်များအား အာရုံပြုဆက်သကြခြင်းများပြုလုပ်ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှဝေပြီးနောက် လှူဖွယ်ဝတ္တုအစုစုတို့ တင်ဆောင်ထားသည့် ဝါးဖောင်အား နမ့်လွေချောင်း တစ်လျှောက် မျှောကာ လှူဒါန်းကုသိုလ်ပြုခဲ့ကြသည်။

ရှင်ဥပဂုတ္တမထေမြတ်အလှူပြုတယ်ဆိုတာ ရှမ်းပြက္ခဒိန်နှစ်၏ တပို့တွဲလဆန်းတစ်ရက်နေ့၊ လပြည့်နေ့၊ ဗုဒ္ဓဟူးနေ့စသည့် နေ့သုံးနေ့ တစ်ထပ်ထဲကျရောက်သည့်အချိန်၌သာ ကျင်းပပြုလုပ်တာပါ။ အခုဆို ရှမ်းပြက္ခဒိန်နှစ်ရဲ့ နောက်ထပ် (၁၆)နှစ်ပြည့်မှ ယခုလို ရှင်ဥပဂုတ္တမထေမြတ်ပူဇော်ပွဲ(ခ) ဝါးဖောင်းမီးမျှော် ပူဇော်ပွဲကို နောက်တစ်ကြိမ်ထပ်ကျမှာပါ။ အဲနေ့ သုံးနေ့ထပ်မှသာ ကျင်းပပြုလုပ်ပါတယ်။ နေ့သုံးနေ့ မထပ်ဘူးဆိုရင် ပြုလုပ်လို့မရပါဘူး။ ဒေသခံတိုင်းရင်သားရဲ့ ယခုလိုအလှူမျိုးဆိုတာ အလွန်ပင် မွန်မြတ်သန့်စင်တဲ့ အလှူနေ့လို့ဆိုနိုင်ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့(ခ) ဘိုးဘွား လက်ထပ်ကစကျင်းပပြုလုပ်လာခဲ့တဲ့ ထုံးစံလို့လဲပြောလိုရပါတယ်လို့ မြို့မရပ်ကွက်ရှိ သမိုင်းမှတ်တမ်းပြုစုသူ မြို့မိမြို့ဖ ဦးတင်ထွေးကို ပွဲတော်၏ သမိုင်းအကျဉ်းကို ပြောသည်။

ကိုကိုနိုင်