နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ တက်ရောက်

နေပြည်တော် ဖေဖော်ဝါရီ ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်၊ ပြူတွင်းကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာဓမ္မာရုံ၌ ကျင်းပသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများ သိရှိနားလည်စေရန်၊ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ပံ့ပိုးကူညီဆောင်ရွက်နိုင်စေရန်၊ လူမှုကွန်ရက်မီဒီယာများနှင့် တရားမဝင်သတင်းဌာနများက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသတင်းမှားများကို အယုံလွယ်လမ်းမှားမရောက်ရှိစေရေး တရားဝင်သတင်းဌာနများ၏ ထုတ်ပြန်ချက်များကိုသာ လေ့လာနိုင်ရေး အသိပညာပေးဆောင်ရွက်ရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းရန် မသင့်လျော်သူများကိုလည်း အကြောင်းမဲ့သက်သက်ခေါ်ယူမှာ မဟုတ်သလို ယခုကာလတွင်လည်း အမျိုးသမီးများကိုပြည်သူ့စစ်မှုထမ်းခေါ်ယူရန်မရှိသေးကြောင်းကို သတင်းထုတ်ပြန်ထားရှိပြီးဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ စစ်မှုထမ်းဆောင်ရန် အကျုံးဝင်သူများအား ဆင့်ခေါ်ခြင်း၊ ပြည်သူ့စစ်မှုထမ်းသင်တန်းများသို့ စေလွှတ်ခြင်းများဆောင်ရွက်ရာတွင် ငွေကြေးကောက်ခံခြင်း၊ ရယူခြင်းများပြုလုပ်သဖြင့် မလိုလားအပ်သည့်ပြဿနာများဖြစ်ပေါ်လျက်ရှိရာ တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်ရန်အကြောင်းကြားထားရှိပြီး ဖြစ်သော်လည်း အချို့မြို့နယ်များ၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ငွေကြေးကောက်ခံမှု၊ ရယူမှုများရှိနေသဖြင့် တိုင်ကြားမှုများဖြစ်ပေါ်လျက်ရှိပြီး စစ်မှုထမ်းဆောင်ရန်ဆောင်ရွက်သည့် လုပ်ငန်းစဉ်မှန်သမျှသည် ပြည်သူလူထုနှင့်ထိတွေ့ဆက်ဆံရသည့်လုပ်ငန်းစဉ်များဖြစ်၍ ငွေကြေးကောက်ခံမှု၊ ရယူမှုမရှိစေရေးရပ်ကွက်/ကျေးရွာအဆင့်အထိ အလေးထားလိုက်ပါဆောင်ရွက်နိုင်စေရေးနှင့် အရွယ်ရောက်သူ နိုင်ငံသားအားလုံး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် အမျိုးသားစစ်မှုထမ်းစနစ်တွင် ပါဝင်ထမ်းဆောင်ကြရန်နှင့် အားပေးထောက်ပံ့ကူညီပံ့ပိုးပေးကြပါရန် ပြည်သူလူထုအား ချပြရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)