တံတားဦး ဖေဖော်ဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် လူဦးရေစာရင်းမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစိစစ်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးစိုးလွင်သည် ဖေဖော်ဝါရီလ(၁၁)ရက် နံနက်ပိုင်းက တံတားဦးမြို့နယ် အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်တို့တွင် မြေပြင်ကွင်းဆင်း စိစစ်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ကြောင်း သိရသည်။
အဆိုပါမြေပြင်စာရင်းကောက်ယူရာတွင် ခရိုင်မြေပြင်ကွင်းဆင်းကောက်ယူရေး တွဲဖက်အတွင်းရေးမှူး ဦးသန်းနိုင်၊ မြို့နယ်မြေပြင်ကွင်းဆင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် အတွင်းရေးမှူး ဦးတင်စိုးတို့၏ ဦးဆောင်မှုဖြင့် အိမ်ထောင်စုအမှတ်စဉ်နှင့် မိသားစုအမှတ်စဉ်များကို နေရပ်လိပ်စာအတိုင်းဖြည့်သွင်းခြင်း၊ သေဆုံးစာရင်းအတည်ပြုခြင်း၊ မြေပြင်တွင်အမှန်တကယ် နေထိုင်မှုမရှိသူများအား စိစစ်ခြင်း၊ စာရင်းတွင်မပါဝင်သည့်လက်မှတ်မှ ကိုင်ဆောင်ခြင်း မရှိသူများအား ပန်းခင်းစီမံချက် အဆင့်- ၃ အရ အိမ်ထောင်စုနှင့် ကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုး ထုတ်ပေးရန်အတွက် စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်လဝက ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများနှင့်အတူ မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများအလိုက် မြေပြင်ကွင်းဆင်းကောက်ယူနေခြင်းလုပ်ငန်းများကို ဖေဖော်ဝါရီလ (၅)ရက်နေ့မှစတင်၍ ကောက်ယူလျက်ရှိကြောင်းသိရသည်။
ရဲတင့်(ပြန်/ဆက်)