အမရပူရမြို့နယ် ဆောက်တောဝကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဆိုင်ရာသိကောင်းစရာ ဟောပြောပွဲ ပြုလုပ်

အမရပူရ ဖေဖော်ဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ဆောက်တောဝကျေးရွာ ရွှေယင်းမာကျောင်းတိုက်၊ ပေါငွေချမ်းသာစေတနာဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျေးရွာနေပြည်သူများကို ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဟောပြောပွဲကို ပြုလုပ်ခဲ့သည်။

ဦးစွာ အမရပူရခရိုင်၊ ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး သူရဦးရန်နိုင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အမရပူရခရိုင်၊ ခရိုင်ဒုတိယဥပဒေအရာရှိ ဦးညိညိစိုးက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေပါ အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး အမရပူရမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးကျော်တေဇက လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဥ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက် လာသော ပြည်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နှင့် အဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများ ၃၀၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)