မြစ်သား ဖေဖော်ဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ခြင်းလုံးဝါသနာရှင်များစုပေါင်း၍ ရွှေမုဋ္ဌောဘုရားဂေါပကအဖွဲ့မှ ဦးဆောင်ကာ ရွှေမုဋ္ဌောဘုရား(၁၃၄)ကြိမ်မြောက် တပို့တွဲလ(နှမ်းမနဲ) ပွဲတော်၌ မြန်မာ့ရိုးရာခြင်းလုံဝိုင်းဖွဲ့ခတ်ကစားခြင်းနှင့် အလှခတ်သရုပ်ပြပွဲခတ်ကစားခြင်းကို ရွှေမုဋ္ဌောဘုရားမြောက်ဘက် ခြင်းခတ်ကွင်း၌ ဝိုင်းဖွဲ့ခတ်ကစားလျက်ရှိကြောင်း သိရသည်။
အဆိုပါ မြန်မာ့ရိုးရာခြင်းလုံးဝိုင်းဖွဲ့ခတ်ကစားရာသို့ နိုင်ငံ့ဂုဏ်ဆောင် SEA Games လက်ရွေးစင်ခိုင်ဇော်မင်း၊ မန္တလေးတိုင်းဂုဏ်ဆောင်ပန်းမြတ်ဖြူ၊ မျိုးဆက်သစ်လူငယ် မောင်သုတဇော်နှင့် မြို့နယ်အတွင်းရှိ ခြင်းလုံးဝါသနာရှင်များစုပေါင်းပြီး ဝိုင်းဖွဲ့ခတ်ကစားခဲ့ကြသည်။ ထိုသို့ ခြင်းလုံး ခတ်ကစားခြင်းသည် စည်းလုံးညီညွတ်ခြင်းသဘောကိုဆောင်ပြီး တစ်ယောက်နှင့်တစ်ယောက် ဖေးမတတ်သော စောင့် ရှောက်တတ်သော အလေ့အကျင့်ကောင်းများရရှိစေရန်၊ ဝိုင်းဖွဲ့ခတ်ကစားရာတွင် တစ်ဦးနဲ့တစ်ဦး အပေးအယူ ချစ်ကြည်ဖြူခြင်းမူစာကမျှစိတ်တဆိုသလို တစ်ဦးနဲ့တစ်ဦး ထောက်ပံ့ပေးခြင်း၊ ခြင်းလုံး(ခြင်းဝင်) အသွားအလာကို ဖန်တီးပေးခြင်းသည် ညီညွတ်ခြင်း၊ စည်းလုံးခြင်း၊ မျှတခြင်းစသော အစဉ်အလာကောင်းများရရှိလာစေရန်၊ မြန်မာ့ရိုးရာခြင်းလုံးပညာကို မြတ်နိုးတန်ဖိုးထားတတ်ပြီး မြန်မာ့ရိုးရာအမွေအနှစ်ဖြစ်သော ရိုးရာခြင်းလုံးပညာကိုလည်း ဆက်လက်ထိန်းသိမ်းတတ်စေရန်၊ လူနေဟန်ထား အလှအပ၊ အယဥ်အကျေး၊ ခေါင်း၊ ခါး၊ ခြေ၊ လက်အနေအထားအချိုးကျကျခတ်ကစားတတ်စေရန်နှင့် ခြင်းဝိုင်းတစ်ခုလုံးတွင် ပါဝင်သူများ၏ အရေးကြီးတာဝန်မှာ ခြင်းလုံးမြေသို့မကျစေခြင်းနှင့် ကျန်းမာရေးကောင်းမွန်စေရန်၊ ကိုယ်လက်လှုပ်ရှားအားကစားတစ်ရပ်အနေဖြင့် မြန်မာ့ရိုးရာခြင်းလုံးဝိုင်းဖွဲ့ ခတ်ကစားရခြင်းဖြစ်ကြောင်း မြန်မာ့ရိုးရာခြင်းလုံးဝါသနာရှင် ဦးအေးချစ်ထံမှ သိရသည်။
အဆိုပါ ရွှေမုဋ္ဌောဘုရား(၁၃၄)ကြိမ်မြောက် တပို့တွဲလ(နှမ်းမနဲ)ပွဲတော်တွင် မြန်မာ့ရိုးရာခြင်းလုံး ဝိုင်းဖွဲ့ခတ်ကစားရာသို့ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ မြစ်သားမြို့နယ်အတွင်းရှိ ခြင်းလုံးဝါသနာရှင်များသည် လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဝါဝါမြင့်(မြစ်သား)