လယ်ဝေးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသက် ၂၀ အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

လယ်ဝေး ဖေဖော်ဝါရီ ၁၃

၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဖလား၊ ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အသက် ၂၀ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက လယ်ဝေးမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် သာဝတ္ထိအသင်းနှင့် အမှတ် (၁) ရပ်ကွက်အသင်းတို့ ယှဉ်ပြိုင်ကစားရာ သာဝတ္ထိအသင်းက အမှတ် (၁) ရပ်ကွက်အသင်းအား တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရသည်။

ထို့နောက် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင်ပါဝင် ကူညီသည့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့အား ဆည်မြောင်းမှ ဦးစီးအရာရှိ ဦးဖြိုးဝေလင်းက ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ ဒိုင်လူကြီးများအား ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထွန်းက ဂုဏ်ပြုဆုငွေများကို လည်းကောင်း၊ တတိယဆုရရှိသည့် မြွေရိုးလေးကျေးရွာအသင်းအား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးကျော် ကဂုဏ်ပြုဆုငွေ ကျပ်နှစ်သိန်းနှင့် တစ်ဦးချင်း ဆုတံဆိပ်များကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဦးဝင်းအောင်က ဒုတိယဆုရရှိသည့် အမှတ် (၁) ရပ်ကွက် အသင်းအား ဂုဏ်ပြုဆုငွေကျပ် သုံးသိန်းနှင့် တစ်ဦးချင်းဆုတံဆိပ်များကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပထမဆု ရရှိသည့် သာဝတ္ထိအသင်းအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်ဇော်က ဂုဏ်ပြုဆုငွေကျပ် လေးသိန်းနှင့် တစ်ဦးချင်း ဆုတံဆိပ်များကိုပေးအပ်ချီးမြှင့်ပြီး လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရက တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ခဲ့သည်။

လယ်ဝေးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား၊ အသက် ၂၀ အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ရပ်ကွက်/ကျေးရွာအုပ်စုခုနစ်အုပ်စုမှ အသင်း ခုနစ်သင်းဖြင့် ဇန်နဝါရီလ ၂၇ ရက်မှ ဖေဖော်ဝါရီလ ၁၂ ရက်အထိ ကျင်းပခဲ့‌ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)