ကျောက်ဆည် ဖေဖော်ဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျားကာကျေးရွာအုပ်စု၊ ကုလကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည့် အလျား (၁၅၆၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မ ရှိသော ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက အဆိုပါလမ်းသစ် မုဒ်ဦးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတွင် မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မျိုးလွင်က ကျောက်ဆည်မြို့နယ်တွင် ကျေးရွာပေါင်း(၂၂၃)ရွာ ရှိသည့်အနက် ကျေးရွာ(၈၆)ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် (၂၀၁၈-၂၀၁၉) ပထမ(၆)လဘဏ္ဍာရေးနှစ်မှစ၍(၂၀၂၄-၂၀၂၅)ဘဏ္ဍာရေးနှစ်အထိ နိုင်ငံတော် ထောက်ပံ့ရန်ပုံငွေ(၉၇၀)သန်းကျပ်နှင့် ပြည်သူထည့်ဝင်ငွေ (၁၂၉၄.၇၃၀၅)သန်းကျပ်တို့ဖြင့် ကွန်ကရစ်လမ်း(၈၃)လမ်း၊ မီးလင်းရေး လုပ်ငန်း(၁)ခု၊ ရေပေးရေးလုပ်ငန်း (၄)ခုနှင့် အခြားလုပ်ငန်း (၁)ခု စုစုပေါင်းလုပ်ငန်း(၈၉)ခုအား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်းနှင့် ကုလကျေးရွာတွင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ သန်း(၁၅၀)ကျပ်၊ ပြည်သူထည့်ဝင်ငွေ(၃၂)သန်းကျပ်တို့ဖြင့် ကျေးရွာတွင်းကုန်ကရစ်လမ်းအရှည်(၁၅၆၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မအား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး ရဲဝင်းထွန်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းလုပ်ငန်းများဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းအား ကုလကျေးရွာပြည်သူများအနေဖြင့် ရေရှည်အသုံးပြုနိုင်ရန် ဝိုင်းဝန်းထိန်းသိမ်းသွားကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးက ကွန်ကရစ်လမ်းနှင့် ပတ်သက်သည့်လုပ်ငန်းများအား ကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ရပ်မိရပ်ဖဦးစိန်အောင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာ ကွန်ကရစ်လမ်းသစ်အား မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်မျိုးလွင်နှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)