မိုင်းပျဉ်းမြို့ အ.ထ.က-ခွဲကျောင်း၌ ရိုးရာထမနဲထိုးပြိုင်ပွဲ ပျော်ရွှင်စွာဆင်နွှဲ

မိုင်းပျဉ်း ဖေဖော်ဝါရီ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီလ (၁၁) ရက်နေ့ နံနက် (၁၀) နာရီအချိန်က အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူဝင်းက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခြင်းနှင့် ထမနဲထိုးပြိုင်ပွဲ စည်းကမ်းများကို ဖတ်ကြားသည်။ ဆက်လက်၍ ပြိုင်ပွဲဝင် ကျောင်းကောင်စီအသင်း (၅) သင်းတို့မှ သတ်မှတ်နေရာများတွင် နေရာယူ၍ ထမနဲထိုးပြိုင်ပွဲကို စတင်ရာ အမှတ်ပေးဒိုင် အရာရှိကြီးများက အကဲဖြတ်အမှတ်ပေးကြသည်။

ထို့နောက် ဆုရရှိကြသော ထမနဲထိုးပြိုင်ပွဲဝင်အသင်းများအား ဆုများချီးမြှင့်ရာ ပထမဆု ရရှိသော ဘုရင့်နောင်အသင်းအား ခမရ (၃၆၀) မှ ဒုတပ်ရင်းမှူး စဝ်ရဲထွဋ်ကလည်းကောင်း၊ ဒုတိယဆုရရှိသော ဗန္ဓုလအသင်းအား ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူဝင်းကလည်းကောင်း၊ တတိယဆုရရှိသော ကျန်စစ်သားအသင်းအား ဗိုလ်ကြီးစိုးညွှန့်ဦးကလည်းကောင်း၊ နှစ်သိမ့်ဆုရရှိကြသော အနော်ရထာနှင့် အလောင်းဘုရားအသင်းတို့အား ကျောင်းအကျိုးတော်ဆောင် တို့ကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အ.ထ.က-ခွဲကျောင်း၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲသို့ တပ်နယ်မှ အရာရှိကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဝင်ကျောင်းကောင်စီအသင်းများ စုံလင်စွာတက်ရောက်ခဲ့ပြီး ပျော်ရွှင်စွာဆင်နွှဲခဲ့ကြောင်း သတင်းရသည်။

နန်းသန္တာဦး